Pages

Tuesday, August 2, 2016

မလေးရှား၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ချမှတ်လိုက်သော ပြင်းထန်သည့်မူဝါဒ


Malaysia Prime Minister Najib Razak

( ရှိန်းထက် )

မလေးရှားနိုင်ငံ၌ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ က ပါလီမန် က အစိုးရကို အပြင်းအထန် တိုက်တွန်းခဲ့သော လုံခြုံရေး ဥပဒေသစ်တစ်ခု စတင် အသက်ဝင် လာပြီဖြစ်သည်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ၏ လုပ်ပိုင်ခွင့်ကို အမြင့်ဆုံး အခြေအနေ အထိ တိုးမြှင့်လိုက်သည့် ဥပဒေတစ်ခု အဖြစ်လည်း ဝေဖန်ခံ နေရပြီး နိုင်ငံတွင်းရှိ မည်သည့်နေရာ ၌မဆို အရေးပေါ် အခြေအနေ မာရှယ်လော ချက်ချင်း ထုတ်နိုင်သည် အထိ ထိုဥပဒေသည် အာဏာ သက်ရောက် လှသည်။

ထို့ကြောင့် နာဂျစ်ရာဇတ် ၏ တိုက်ရိုက်အမိန့်ဖြင့် မလေးရှားရဲများ မည်သည့် ဝရမ်းမျှမပါဘဲ ကား၊ ရထား၊ အိမ်နှင့် နိုင်ငံတွင်းရှိ မည်သည့်နေရာမှ မည်သူ့ကိုမဆို စစ်ဆေးခွင့် ရရှိတော့မည် ဖြစ်သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရန် ဟူသော ခေါင်းစဉ်နှင့် ပေါ်လာသည့် ယင်းဥပဒေသည် ဝန်ကြီးချုပ် ရာဇတ် အတွက် အလွန် အဆင်ပြေ လွန်းလှသည်။ ခေါင်းစဉ်အရ အတိုက်အခံ များကိုလည်း ထိုဥပဒေကို အသုံးချပြီး တစ်ခါတည်း ဖိနှိပ်ပြီး သား ဖြစ်၍ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သည် ဟု အများစုက ဆိုသည်။

နာဂျစ်ရာဇတ် သည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ လာဘ်စားမှုဖြင့် ၂ဝ၁၅ ခုနှစ်ကတည်းက နာမည်ကြီး နေခဲ့သူဖြစ်ပြီး အတိုက်အခံ များကြောင့် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ရဖို့ အထိ ဖိအားပေးခံ ခဲ့ရသူလည်း ဖြစ်သည်။ ထို့ကြောင့် ယခုသူ၏ အခွင့်ထူးခံ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေကို အသုံးချပြီး အတိုက်အခံ များကို တစ်ဖန် ပြန်လည်နှိပ်ကွပ် မည်ကို စိုးရိမ်နေရခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ အရှေ့တောင်အာရှ လူ့အခွင့်အရေး အကြီးအကဲ လောရန့်မီလန် ကတော့ ယင်း ဥပဒေသစ်သည် တည်ငြိမ်နေသည့် လူ့အဖွဲ့အစည်းကို ပျက်ပြားစေနိုင်သည့် ဥပဒေတစ်ခု အဖြစ် မြင်သည်ဟု ဆိုထားပြီး လူ့အခွင့်အရေး အတွက် အကြမ်းဆုံးဥပဒေ တစ်ခုဖြစ်သည် ဟုလည်း ဆိုသည်။ နာဂျစ်ရာဇတ် ကတော့ မလေးရှား ပြည်သူများ၏ လုံခြုံရေးကို ထိပါးလာသည့် အရာမှန်သမျှကို တာဝန်ယူရမည့် သူသည် သူပင်ဖြစ်သည်။ သူ့တွင်တာဝန် အရှိဆုံး ဖြစ်သည်။ ထို့ကြောင့် သူ့ပြည်သူများ အတွက် ချမှတ်ထားသည့် ယင်း ဥပဒေကြောင့် မည်သူ၏ ဝေဖန်မှုကိုမျှ ဂရုစိုက်မည် မဟုတ်ဘဲ မည်သူ့ကိုမျှလည်း တောင်းပန်မည် မဟုတ်ကြောင်း ရှင်းလင်း ပြတ်သားစွာ ပြောကြား ထားသည်။

မလေးရှားနိုင်ငံ၌ အစ္စလာမ် ဘာသာဝင် အများဆုံး နေထိုင်သည့် နိုင်ငံဖြစ်သောကြောင့် ISIS အကြမ်းဖက် သမားတို့၏ အဓိကဝါဒဖြန့် ခံခဲ့ရသည့် ပစ်မှတ်တစ်ခုလည်း ဖြစ်ခဲ့သည်။မကြာမီကပင် မလေးရှားမြေ၌ ISIS စစ်သွေးကြွ တို့ အောင်မြင်စွာ အကြမ်းဖက် နိုင်ခဲ့သည်။ ကြိုတင် ကြံစည်မှုပေါင်း ဆယ်နှင့်ချီ၍ ရှိသည်ကိုလည်း မလေးရှားရဲ များက ဖမ်းဆီးနိုင်ခဲ့ပြီး အကြမ်းဖက်ဝါဒ ရှင်သန်နေဆဲ နိုင်ငံအဖြစ် သတ်မှတ်ခံထား ရသည့် နိုင်ငံလည်း ဖြစ်နေသည်။ အင်ဒိုနီးရှား ပြီးလျှင် မလေးရှား သည် ဆီးရီးယားနှင့် အီရတ်သို့ သွားရောက် ပူးပေါင်းခဲ့သူ အများဆုံး အရှေ့တောင် အာရှ မှ ဒုတိယနိုင်ငံ ဖြစ်သည်။

မလေးရှားလူမျိုး ၅ဝဝ ကျော်အထိ ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ယခု ပြည်တော်ပြန် အကြမ်းဖက် သမားများက အစီအစဉ် တကျ လှုပ်ရှားနေခြင်း ဖြစ်သည်။ ဆီးရီးယားရှိ ISIS ဌာနချုပ်က အမှုန့်ကြေ နေသလောက် ပြည်ပ အကြမ်းဖက်မှု များက ISIS စစ်သွေးကြွ လက်သစ် များကြောင့် ပိုမိုနာမည်ရ လာနေသည်။ ဥရောပ၊ အမေရိကနှင့် အာရှနေရာ အားလုံးသည် ယင်း ISIS စစ်သွေးကြွ တို့၏ အကြမ်းဖက် နိုင်သည့် နေရာများ ဖြစ်သွားပြီ ဖြစ်သည်။

ပြင်သစ်၊ ဂျာမနီ၊ အမေရိကန် နှင့် ရုရှား ကဲ့သို့သော လုံခြုံရေးအား အကောင်းဆုံး နိုင်ငံများပင် ယခု ISIS စစ်သွေးကြွ လက်သစ်များ၏ အကြမ်းဖက်ဒဏ် ကို ကောင်းကောင်းကြီး ခံစားနေရသည်။ ထို့ကြောင့် အမေရိကန် ဦးဆောင်သော တပ်ဖွဲ့များက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အားလုံးကို ပူးပေါင်းပြီး အချိန်နှင့် တစ်ပြေးညီ မာရှယ်လော ထုတ်ကာ အကြမ်းဖက်မှုကို သုတ်သင် ရှင်းလင်းမည့် စီမံကိန်းများ ရေးဆွဲနေခြင်း ဖြစ်သည်။

ယခု မလေးရှား ကတော့ ထိုဥပဒေကို နိုင်ငံအဆင့်ဖြင့် အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် သာ ပုဂ္ဂိုလ်ရေးကို မကြည့်ဘဲ နိုင်ငံ့ လုံခြုံရေး အတွက်သာ ကြည့်ပြီး ဆောင်ရွက် ပါက မလေးရှား၌ အကြမ်းဖက်မှု ရာခိုင်နှုန်း ကျိန်းသေပေါက် လျော့နည်း သွားမည်ဖြစ်သည်။ သို့သော်လည်း ပုဂ္ဂိုလ်ရေး အသုံးချမှု ပါဝင်လာခဲ့ပါက ဥပဒေနှင့်အညီ ဆိုသည့် စကားများနှင့် နိုင်ငံလုံခြုံရေး ဟူသည့်စကားများကြောင့် ပြည်သူများ အထူးသဖြင့် သူ့ကို ၂ဝ၁၅ ခုနှစ်က ဖြုတ်ချရန်အထိ ကြိုးစားခဲ့သော အတိုက်အခံများ အထိနာ တော့မည် ဖြစ်သည်။

ထို့ပြင် ရာဇတ်၏ မကျေနပ်မှုကို ခံရမည့် လူများလည်း ထို ဥပဒေကြောင့်ပင် ကျဆုံးရတော့မည် ဖြစ်သည်။ မလေးရှား၏ အလျော်အစား ကတော့ ကြီးလှသည်။ ထိုအရာများ အားလုံး ပဲ့ကိုင်ရှင်သည် ဝန်ကြီးချုပ် နာဂျစ်ရာဇတ် သာဖြစ်သည်။ အကောင်းအဆိုး သည် ရာဇတ် ၏ လက်ထဲတွင်သာ ရှိတော့သည်။ ထို့ကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ ကတော့ ရာဇတ်၏ ဆုံးဖြတ်ချက် လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းဖို့ ကိုသာ စောင့်ကြည့် နေရတော့သည်။

သို့သော်လည်း ၂ဝဝ၉ ခုနှစ် ရာဇတ် ဝန်ကြီးချုပ်သစ် စဖြစ်ကတည်းက အကောင်းဘက် ကိုသာ ဦးတည်သူအဖြစ် ဝေဖန်ခံရပြီး မလေးရှားနိုင်ငံ၏ စီးပွားရေးကို အားကောင်းအောင် ပြုလုပ်နိုင်သူ အဖြစ်လည်း နာမည်ကောင်း ရခဲ့သူဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် အမြင့်ဆုံး စီးပွားရေး တိုးတက်မှုအထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယခု တစ်နှစ်လျှင် အနည်းဆုံး စီးပွားရေး တိုးတက်မှုနှုန်း ၄ ရာခိုင်နှုန်းနှင့် အထက်ရရှိအောင် နာဂျစ် အစိုးရအဖွဲ့က စွမ်းဆောင်ထား နိုင်သည်။

မလေးရှားသည် အရှေ့တောင်အာရှ ၌ တတိယမြောက် အားအကောင်းဆုံး စီးပွားရေး နိုင်ငံဖြစ်ပြီး နိုင်ငံသား တစ်ယောက်ချင်း ဝင်ငွေ GDP - PER CAPITA (PPP) ကလည်း စင်ကာပူနှင့် ဘရူနိုင်းပြီးလျှင် နံပါတ်(၃) နေရာရှိသော နိုင်ငံလည်း ဖြစ်သည်။ ကမ္ဘာ့  စီးပွားရေး တိုးတက်မှုနှုန်း အားအကောင်းဆုံး တွင်လည်း နံပါတ်စဉ်(၁၄) ရရှိထားပြီး အသစ်စက်စက် ဖွံ့ဖြိုးနေသော စီးပွားရေး ဈေးကွက်သစ်ကြီး တစ်ခုလည်း ဖြစ်နေသည်။

ကမ္ဘာ့ လာဘ်စားမှု နံပါတ်စဉ်တွင်လည်း (၄၅)အထိ ရရှိအောင် ရာဇတ် စွမ်းဆောင်ထား နိုင်သည်။ သူ့လက်ထက်တွင် မလေးရှား နိုင်ငံ၏ အကောင်းဆုံး သမိုင်းမှတ်တိုင် များကို ပြသနိုင်ခဲ့ပြီး နိုင်ငံ၏ အကောင်းဆုံး
စီးပွားရေးအရှိန်ကို ထိန်းထား နိုင်ခဲ့သည်။ သို့သော်လည်း ရာဇတ် သည် ယခင် မလေးရှားဝန်ကြီးချုပ် များနည်းတူ နိုင်ငံတကာ၏ ဝေဖန်မှုကိုလည်း ဂရုမစိုက် ခေါင်းမာသည့် လူစား ဖြစ်သောကြောင့် လူ့အခွင့်အရေး ဟူသော ခေါင်းစဉ်နှင့် ကုလသမဂ္ဂ၏ ဝေဖန်မှု များသည် မလေးရှား၌ တိုးမပေါက်အောင် ဖြစ်နေသည်။

ထို့ကြောင့် မလေးရှား ၏ လူ့အခွင့်အရေး အညွှန်းကိန်းသည် အမြဲတမ်း အောက်ဘက်၌ ရောက်ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုအရာသည် မလေးရှား၏ ရှုပ်ထွေးလွန်းသော ထုံးစံပင် ဖြစ်သည်။ လူ့အခွင့်အရေး တစ်ခုတည်းကို ကြည့်ပြီး ယခု ရာဇတ် အသက်ဝင်ပြီ ဖြစ်သည့် အကြမ်းဖက် ဥပဒေကို အသုံးချကာ လမ်းကြောင်းလွဲ သွားမည် ဟုလည်း ရာနှုန်းပြည့် ဝေဖန်လို့ မရသည့် အခြေအနေ ဖြစ်သည်။

၂ဝ၁၅ ခုနှစ်က ရာဇတ် ၏ လာဘ်စားမှု သတင်းကြောင့် သဘောထား ကွဲလွဲထားသည့် မလေးရှားပြည်သူ များထဲတွင် တချို့သည် ရာဇတ် ကို ပြင်းပြင်းထန်ထန် ဝေဖန်ထား သောကြောင့် ယခု အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်ရေး ဥပဒေကို ရာဇတ် အသုံးချမည်ကို စိုးရိမ်နေရခြင်း သာဖြစ်သည်။ သို့သော်လည်း ရာဇတ်သာ သူတို့ စိုးရိမ်သလို ဖြစ်မလာဘဲ အကြမ်းဖက် တိုက်ဖျက်ရေး အတွက်သာ ကြည့်ပြီး ဥပဒေကို စစ်မှန်သည့် လမ်းကြောင်းပေါ် တွင်သာ အသုံးချပါက မလေးရှား နိုင်ငံသည် အကြမ်းဖက်မှု ကင်းစင်သော နယ်မြေသစ် တစ်ခု ဖြစ်လာနိုင် ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment