Pages

Tuesday, August 9, 2016

၂၁ ရာစု မြန်မာနိုင်ငံနှင့် ၂၁ ရာစုလူငယ်များ


၂၁ ရာစု မြန်မာနိုင်ငံနှင့် ၂၁ ရာစုလူငယ်များ

လူမျိုးတစ်မျိုး အတွက် အဓိကပဓာန သည် ဘာသာစကား နှင့် စာပေ ဖြစ်သည်။ စာဟူသည်မှာ လူတို့၏ စကားသံကို အက္ခရာ သင်္ကေတပြု၍ မှတ်တမ်းတင် ထားသောအရာ ဖြစ်သည်။ လူသားတို့၏တီထွင်မှုများတွင် စာပေသည် အလွန်အရေးပါ အဖိုးတန်သော တီထွင်မှု ဖြစ်သည်။ လူသားတို့ တီထွင်ထားသော စာပေကြောင့် အတိတ်ကာလကို ပြန်သိနိုင်ပြီး မျက်မှောက် ကာလကို တစ်ခဏချင်း သိနိုင်သည့် အပြင် အနာဂတ် ကိုလည်း မျှော်၍ ကြည့်နိုင်ခြင်း ကြောင့် စာဖတ်သူသည် တိုးတက်မှုကို ရရှိစေသည်။ စာမဖတ် သူသည် တိုးတက်မှု ရပ်နေသည်ဟု ပညာရှိများက ပြဆိုထားသည်။

စာဖတ်ဝါသနာ ပါ၍ စာဖတ်ခြင်းသည် မိတ်ဆွေကောင်းကို ပေါင်းဖော် ရခြင်းနှင့် တူသည်။ မိတ်ဆွေကောင်း ဟူသည် မိမိကို ကောင်းကျိုးပြုပြီး ဒုက္ခရောက် သည့်အခါ ကူညီ၍ ကောင်းမွန်ရာကို ညွှန်ပြတတ်သည် ကို ရည်ညွှန်း၍ စာအုပ်စာပေ လူ့မိတ်ဆွေ ဟု ဆိုပြခြင်း ဖြစ်သည်။ လူတို့တွင် ဝါသနာ အမျိုးမျိုး ရှိကြရာမှ စာဖတ် ဝါသနာသည် ကောင်းသော ဝါသနာ ဖြစ်သည်။ စာဖတ်သူအတွက် ကောင်းကျိုးချမ်းသာ ရရှိတိုးတက် နိုင်သကဲ့သို့ လူ့အဖွဲ့အစည်း ကိုလည်း ကောင်းကျိုးပြု နိုင်သည်။ ကမ္ဘာကျော် လူသား အကျိုးပြု အသိပညာရှင် နှင့် အတတ်ပညာရှင် တို့သည် စာဖတ်ဝါသနာ စွဲမြဲခဲ့ကြ သူများ ဖြစ်သည်။

နိုင်ငံတော်တွင် ပွင့်လင်း မြင်သာသော ခေတ်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်ရာ မြန်မာစာဖတ် ပရိသတ်သည် ရေငုံနှုတ်ပိတ် စာဖတ်သူ (Passive Reader) မဟုတ်တော့ဘဲ တက်ကြွသော စာဖတ်သူ (Active Reader) ဖြစ်နေကြ သူက အများစုဖြစ်သည်။ ပညာရေးစနစ် မှာလည်း အလွတ်ကျက် ပညာရေးစနစ်မှ အတွေးအမြင် ပညာရေး စနစ်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်သဖြင့် မိမိနိုင်ငံနှင့် နိုင်ငံသား တို့၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တို့ကို အမှန်အတိုင်း သိမြင်စောင့်ထိန်း နိုင်ရန် ကြိုးပမ်းကြ ရမည် ဖြစ်သည်။

၂၁ ရာစု မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့ကို ၂၁ ရာစု လူငယ်များက တည်ဆောက် ကာကွယ်ကြ ရမည်ဖြစ်သည်။ မျက်မှောက် ကာလတွင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး နှင့် နည်းပညာ ထိပ်တန်းရောက် နေသော နိုင်ငံများ၌ မူးယစ်ဆေးဝါး ပြဿနာနှင့် ရာဇဝတ် မှုခင်းများ၊ ဒုစရိုက် လုပ်ငန်းကြီး များနှင့် လူမှုရေး ပြဿနာမျိုးစုံ ရှိနေကြသည်။ မိမိတို့ နိုင်ငံသို့ မကူးစက်စေရန် မည်သို့ကာကွယ် ကြမည် ဆိုသည်ကို ကမ္ဘာ့နိုင်ငံ များက ဝိုင်းဝန်းဆွေးနွေး နေကြရာတွင် ယဉ်ကျေးမှု သမိုင်းကို အဓိကထား ဆွေးနွေးကြသည်။ သမိုင်းကို စနစ်တကျ လေ့လာရန်လည်း တိုက်တွန်း ထားသည်။

သမိုင်းကို စနစ်တကျ လေ့လာရေး အတွက် ပညာရှင်များ၏ မှာကြားချက် များမှာ သမိုင်းနောက်ခံ ဝတ္ထုများ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ များနှင့် ကိုယ်ရေးမှတ်တမ်း တို့ကို သမိုင်းဟု မဆိုနိုင်ကြောင်း၊ အနုပညာ သဘော လိုအပ်ချက် အရ စာရေးသူ၏ အတ္တနောမတိ နှင့် ရေးဖွဲ့ထားသော သမိုင်းနောက်ခံ ဝတ္ထုများသာ ဖြစ်သည်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိနှင့် ကိုယ်ရေး မှတ်တမ်း ဆိုသည်မှာလည်း အားကိုးထိုက်သော အထောက်အထား မဖြစ်နိုင်။ ကိုယ်ရည်သွေးသော အချက်များနှင့် သူများကို လက်ညှိုးထိုးသော အကြောင်းအရာများ တွေ့ရသည်။ ထို့ကြောင့် စာဖတ်သူမှာ လူကောင်းကို လူဆိုးထင်ပြီး လူမသူတော်ကို လူကောင်းကြီး မှတ်ထင် ကိုးကွယ် ဆည်းကပ် သွားစေသော အန္တရာယ် ရှိကြောင်း ထောက်ပြ ထားသည်။

သို့ဖြစ်၍ ၂၁ ရာစု မြန်မာနိုင်ငံကို တည်ဆောက် ကာကွယ်ကြရမည့် ၂၁ ရာစု လူငယ်များသည် မည်သည့်စာပေကို ဖတ်သည်ဖြစ်စေ အတွေးမမှား၊ အရေးမမှား ကြမှသာ ရွှေပြည်တော် ခရီး နီးနိုင်မည် ဖြစ်ကြောင်း မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment