Pages

Tuesday, August 2, 2016

အစိုးရမူဝါဒ အပြောင်းအလဲ နှင့် နိုင်ငံ့ဝန်ထမ်း


အစိုးရမူဝါဒ အပြောင်းအလဲ နှင့် နိုင်ငံ့ဝန်ထမ်း

ယနေ့ မြန်မာနိုင်ငံတွင် အစိုးရသစ် အနေဖြင့် ၄င်းတို့၏ သက်တမ်းကာလ အစပိုင်းတွင် နိုင်ငံတော်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ဈေးကွက် စီးပွားရေးစနစ် နှင့်အညီ ဆောင်ရွက်နိုင်မှု၊ လက်တွေ့ ကျသည့် စီမံကိန်းများနှင့် မူဝါဒများ မှန်ကန်စွာ ချမှတ်ကာ ထိရောက်စွာ အကောင် အထည်ဖော်မှုနှင့် ဌာနဆိုင်ရာ များအတွင်း စာရင်းအင်း အချက်အလက်များ မှန်ကန်ရေးနှင့် အရည်အသွေး ပြည့်ဝရေး ကိစ္စရပ်များ၊ နိုင်ငံတော် အတွင်း အရေးပေါ် အသက်ဘေး အန္တရာယ်များ ကျရောက်ပါက ရှာဖွေ ကယ်ဆယ်ရေးနှင့် ဒေသတွင်း နိုင်ငံများကြား ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး တို့အတွက် မူဝါဒသစ်များ ချမှတ်ခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများ ဦးစားပေး ကဏ္ဍအလိုက် အတည်ပြုရေး၊ ဆိုင်းငံ့ရေး၊ ပယ်ဖျက်ရေးနှင့် ပြင်ဆင် အတည်ပြုရေး ကိစ္စရပ်များ၊ ပြည်သူလူထု အများစု၏ လူနေမှုဘဝ တိုးတက် မြင့်မားရေး အတွက် နိုင်ငံတော်က ဆောင်ရွက်သည့် လုပ်ငန်း စီမံကိန်းများနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သည့် လုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ်နိုင်ရေး၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေဘဲ လူမှုစီးပွား အမှန်တကယ် အကျိုးဖြစ်ထွန်း စေမည့် လုပ်ငန်းစီမံကိန်း များကို စိစစ်အတည်ပြု နိုင်ရေးကိစ္စ များနှင့် နိုင်ငံတကာ ခရီးသွားဧည့်သည် ဝင်ရောက်မှု အဆင်ပြေစေရေး တို့အတွက်လည်း မူဝါဒများ ချမှတ်ထားသည်။

နိုင်ငံ့ဝန်ထမ်း ဟူသည် နိုင်ငံတစ်နိုင်ငံ တွင် မရှိမဖြစ် လိုအပ်သည့်  အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထို့ကြောင့် ၄င်းတို့၏ လုပ်အားဖြင့် နိုင်ငံတော်၏ ယန္တရားများကို လည်ပတ်စေပြီး အစိုးရနှင့် ပြည်သူကြား ပေါင်းကူးသဖွယ် ဆက်စပ် ဆောင်ရွက်ပေး နေသူများ ဖြစ်ကြသည်။ မည်သည့် အစိုးရသစ် မည်သို့ပြောင်းလဲ စေကာမူ မပြောင်းလဲဘဲ ထာဝရရပ်တည် နေသည့် အဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ တိုးတက်ရာ တိုးတက်ကြောင်း အကျိုးစီးပွား များကို ပြောင်းလဲလာ သည့် အစိုးရသစ်တိုင်း၏ မူဝါဒကို တစ်သဝေမတိမ်း လိုက်နာ အကောင်အထည် ဖော်ပေး နေသည်မှာလည်း နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်။

ထိုသို့ ဖော်ဆောင် ရာတွင်လည်း ချမှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက် များနှင့် လုပ်ထုံးလုပ်နည်း များကို ဘောင်အတွင်းမှ ဆောင်ရွက်ပေး ရမည်ကို ကျွမ်းကျွမ်း ကျင်ကျင် သိရှိကြသူများ မှာလည်း နိုင်ငံ့ဝန်ထမ်း များ ဖြစ်သည်။ တစ်ဖက်က ကြည့်မည် ဆိုလျှင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား များသည် နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်း ကြီး၏ အကြီးအမှူးများ ပေါ်တွင် မူတည် နေပေသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်း အကြီးအမှူး များ၏ အရည်အချင်း ကောင်းမွန်ပါက ကောင်းမွန် သလောက် လုပ်ငန်းများ အောင်မြင် ပေါက်မြောက် လာမည်ဖြစ်ပြီး အဂတိ လိုက်စားမှု၊ ဘက်လိုက်မှု၊ ဥပဒေ၊ နည်းဥပဒေများ အပေါ် လက်တစ်လုံးခြား ဆောင်ရွက်မှု၊ ကိုယ်ကျိုးရှာ အတ္တကြီးမှုများ ရှိပါကလည်း ရှိသလောက် အောင်မြင်မှု မရရှိဘဲ နိုင်ငံတော်၏ ဘဏ္ဍာများသာ ဆုံးရှုံးရမည် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများ အနေဖြင့် မိမိတို့ကြုံတွေ့ ခဲ့ရသည့် အတွေ့အကြုံ များကို နမူနာယူပြီး ယနေ့ အချိန်တွင် ကောင်းသော စိတ်နှလုံး ထားရှိကာ နိုင်ငံတော် နှင့် နိုင်ငံသားများ၊ နောင်လာ နောက်သား မျိုးဆက်သစ် လူငယ်များ၏ ရေရှည် အကျိုးစီးပွား ကိုသာ ရှေးရှုပြီး မိမိတို့ဌာနတွင်း အောက်ခြေ အဆင့်ဆင့်သော အခြားဝန်ထမ်း များအပေါ် စံနမူနာကောင်း များပြသပြီး အစိုးရ၏ မူဝါဒများ အောင်မြင်စေရန် အင်တိုက် အားတိုက် ပူးပေါင်းပါဝင် စေလိုကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

ရတနာပုံနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment