Pages

Sunday, August 7, 2016

ဘားအံမြို့ရှိ ကော့ဂွန်းဂူ သို့ နော်ဝေ ၊ ဂျပန် နှင့် တရုတ်နိုင်ငံတို့မှ ဘူမိထုံးကျောက် ပညာရှင်များ လာရောက်လေ့လာ



ဘားအံ ၊ ၇-၈-၂၀၁၆

ကရင်ပြည်နယ် ဘားအံမြို့ရှိ ကော့ဂွန်းဂူ မှာ ထုံးကျောက် သဘာဝလိုဏ်ဂူ ဖြစ်ခြင်းကြောင့် နော်ဝေ၊ ဂျပန်နှင့် တရုတ်နိုင်ငံ တို့မှ ဘူမိထုံးကျောက် ပညာရှင် အဆင့်ရှိသူများ လာရောက် လေ့လာမှု ရှိလာကြောင်း သိရသည်။

''လိုဏ်ဂူအတွင်းနဲ့ မြေပြင်ဘက်ရှိ မတ်စောက်တဲ့ ကျောက်သားနံရံ တွေမှာ မွမ်းမံ ချယ်လှယ်ထားတဲ့ အုတ်ခွက်ဘုရား ဆင်းတုတော်တွေ ထောင်သောင်းမက ထူးထူးခြားခြား တည်ရှိနေတယ်။ ရှေးဟောင်း ကမ္ပည်းစာတွေ အပြင် ရှေးလက်ရာ ရုပ်လုံးရုပ်တု တွေကိုပါ တွေ့ခဲ့ရတယ်။ ရှေးဟောင်း သုတေသန ပညာရှင်နဲ့ ဘူမိ လေ့လာရေး ပညာရှင်တွေက ဂူထဲမှာရှိတဲ့ ကျောက်စက်မိုးမျှော် တန်းတွေကို အချိန် တစ်ပတ်လောက်ပးပြီး လေ့လာ နေကြပါတယ်'' ဟု ဂူ ထိန်းသိမ်းရေး တာဝန်ရှိသူ ဦးဝင်းသိန်း က ပြောသည်။

မြန်မာသက္ကရာဇ် ၄၁၉ ခုနှစ်မှာ အနော်ရထာ မင်းနှင့် မနူဟာမင်း စစ်ဖြစ်ပွားချိန် တွင် မနူဟာမင်း၏ မိဖုရားဖြစ်သည့် မုတ္တမ မိဖုရားကြီး ထွက်ပြေး တိမ်းရှောင်ရင်း ကော့ဂွန်းဂူ သို့ ရောက်ရှိခဲ့ကာ နံရံကပ်ဗုဒ္ဓ ရုပ်ပွား ဆင်းတုတော်များ၊ အုတ်ခွက်ဘုရား များကို ကျောက်တောင် နံရံနှင့် မျက်နှာကြက်၊ ကျောက်စက်ပန်းဆွဲ များပြုလုပ်ကာ ထုလုပ် ပူဇော်ခဲ့ကြောင်း ဂူ၏ သမိုင်းတွင် ဖော်ပြထားသည်။

လိုဏ်ဂူ အတွင်းပိုင်းနှင့် အပြင်ဘက် တို့မှာ အုတ်၊ ကျောက်၊ အင်္ဂတေ၊ သစ်သားပုံစံ အမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး၊ ထုလုပ်ထားသည့် အနေအထား အမျိုးမျိုးနှင့် စီမံထားသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များ၊ ရုပ်လုံးရုပ်ကြွ ဘုရားပုံများ တည်ရှိခြင်း ကြောင့် လေ့လာရေး ပညာရှင်များ စိတ်ဝင်တစား လာရောက်လေ့လာ ကြခြင်း ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment