Pages

Monday, August 8, 2016

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၌ တစ်နှစ်လျှင် ဇီဝမျိုးစုံမျိုးကွဲ မျိုးစိတ်သစ်ပေါင်း ၃၅ မျိုးတွေ့ရှိ



ရန်ကုန် ၊ ၈-၈-၂၀၁၆

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ သည် တစ်နိုင်ငံလုံး၌ ဇီဝမျိုးစုံမျိုးကွဲ များ အစုံလင်ဆုံး တည်ရှိရာဒေသ ဖြစ်ကြောင်းနှင့် တစ်နှစ်လျှင် ဇီဝမျိုးစိတ်သစ် ပေါင်း ၃၅ မျိုးလောက် တွေ့ရှိ ရကြောင်း ဇီဝမျိုးစုံမျိုးကွဲ နှင့် သဘာဝ ထိန်းသိမ်း စောင့်ရှောက်ရေး အသင်း BANCA မှ သိရသည်။

မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ အမျိုးအစား များတွင် တောင်ပေါ် ဇီဝမျိုးစုံမျိုးကွဲ၊ သစ်တော ဇီဝမျိုးစုံမျိုးကွဲ၊ ခြောက်သွေ့ နှင့် စိုထိုင်းဆလျော့ ဇီဝမျိုးစုံမျိုးကွဲ၊ ကုန်းတွင်းရေနေ ဇီဝမျိုးစုံမျိုးကွဲ၊ စိုက်ပျိုးရေး ဇီဝမျိုးစုံမျိုးကွဲ၊ အဏ္ဏဝါနှင့် ကမ်းရိုးတန်း ဇီဝမျိုးစုံမျိုးကွဲ နှင့် ကျွန်းငယ်များ ဇီဝမျိုးစုံမျိုးကွဲ တို့ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အပင်မျိုးစိတ် ၁၁၈ဝဝ၊ ကြိမ်မျိုးစိတ် ၃၇ မျိုး၊ ဝါးမျိုးစိတ် ၉၆ မျိုး၊ ဆေးဖက်ဝင် အပင်များ ၈၄၁ မျိုး၊ နို့တိုက် သတ္တဝါများ ၂၅၁ မျိုး၊ တွားသွား သတ္တဝါ ၂၇၂ မျိုး၊ ကုန်းနေရေနေ သတ္တဝါများ ၈၂ မျိုးနှင့် ငှက် ၁ဝ၅၆ မျိုးတို့ကို မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသ၌ တွေ့ရှိရသည်။

''ရေခဲတောင်ဒေသ မှာဆိုရင် တခြားဒေသ တွေမှာ မတွေ့ရှိနိုင်တဲ့ အပင်မျိုးစိတ်တွေ တွေ့ရတယ်။ ဇီဝမျိုးစုံတယ်။ ရေမြေကလည်း ထူးခြားသလို ယဉ်ကျေးမှု အရ တိုင်းရင်းသား တွေရဲ့ယဉ်ကျေးမှုက စိတ်ဝင်စား စရာ ကောင်းပါတယ်။ အင်းတော်ကြီး ဒေသနဲ့ မြစ်ဆုံဒေသ ဆိုရင် ပြည်တွင်းရော ပြည်ပက ခရီးသွားတွေပါ စိတ်ဝင်စား ကြတဲ့ ခရီးသွားဒေသ ဖြစ်ပါတယ်'' ဟု ပြည်တွင်း ဧည့်လမ်းညွှန် ဦးနေလင်းစိုး က ပြောသည်။

ကမ္ဘာ့တောရိုင်း တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ WWF က မြန်မာနိုင်ငံ အပါအဝင် မဟာမဲခေါင် မြစ်ဝှမ်းလွင်ပြင် အတွင်း ပါဝင်သည့် တခြား အာဆီယံ ဒေသတွင်းနိုင်ငံ များ၌ ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ် အတွင်း သုတေသန ပြုချက်အရ မဟာမဲခေါင် မြစ်ဝှမ်း အတွင်း မျိုးစိတ်သစ်ပေါင်း ၃၄၆ မျိုးတွေ့ရှိသည်။

မျိုးစိတ် ၃၄၆ မျိုးအနက် မြန်မာနိုင်ငံ၌ မျိုးစိတ်သစ် ၂၆ မျိုးကို မှတ်တမ်းတင် နိုင်ခဲ့ပြီး မှတ်တမ်းတင် ထားသည့် သစ်ပင်မျိုးစိတ် ၇ဝဝဝ ကျော်အနက် အမျိုးပေါင်း ၁ဝ၇၁ မျိုးကိုတွေ့နိုင်ပြီး ဝါးမျိုးစိတ် ၁ဝဝ၊ ကြိမ်နှင့် သစ်ခွမျိုးစိတ် ၃ဝ တို့ကို တွေ့နိုင်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment