Pages

Thursday, August 18, 2016

တောင်တမန်တံတားပေါ်တွင် စည်းကမ်းတကျ ရောင်းချနိုင်အောင် စီစဉ်ပေးရန် ဈေးသည်များ တောင်းဆို



အမရပူရ ၊ ၁၈-၈-၂၀၁၆

တောင်သမန် တံတားပေါ်ရှိ နားနေဆောင် ဇရပ်များနှင့် တံတားပေါ်တွင် ဈေးရောင်းချခြင်း မပြုရန် ရှေးဟောင်း သုတေသန မှ ထုတ်ပြန်ထား သော်လည်း ဈေးသည်များက စားဝတ်နေရေး အတွက် စည်းကမ်းတကျ ရောင်းချခွင့်ပြုရန် နှင့် ဈေးသည်များကို စိစစ်ပြီး စည်းကမ်းတကျ ရောင်းချနိုင်အောင် စီစဉ်ပေးရန် တောင်သမန်တံတား ပေါ်နှင့် ပတ်ဝန်းကျင် တွင် ဈေးရောင်းချ နေသည့် ဒေသခံပြည်သူ များက ပြောပြသည်။

တံတားပေါ်၌ ဇရပ် နားနေဆောင် သည် ခရီးသွားပြည်သူများ နားနေရန် နေရာဖြစ်ပြီး ဈေးဆိုင်များ ရောင်းချခြင်း မပြုရန် လိုက်နာ ဆောင်ရွက်မှု မရှိပါက တည်ဆဲ ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး) ဌာနခွဲက ဇရပ် များပေါ်တွင် သတိပေးစာများ လိုက်လံ ကပ်ထားကြောင်း သိရသည်။

" ကျွန်တော် ဒီ တောင်သမန်တံတား ပေါ်မှာ အရင်က ဓာတ်ပုံဆရာပါ ၊ အခု ဗေဒင်ဆရာ ဘ၀နဲ့ လုပ်ကိုင် စားသောက်လာတာ ၁၆ နှစ်ရှိပါပြီ။ ကျွန်တော်တို့ ဈေးသည်တွေ စည်းကမ်း မရှိဘူး ဆိုတာလဲ သိပါတယ်။ ဒါပေမယ့် ဒီတံတားပေါ်မှာ လုပ်ကိုင်စားသောက် ခွင့် မရတော့ဘူး ဆိုရင် ကျွန်တော်တို့ ဘ၀တွေ ဘယ်လိုရပ်တည် သွားရမှာလဲ ၊ တရားဥပဒေအရလဲ ရင်မဆိုင်ချင် ပါဘူး၊ စည်းကမ်းတကျနဲ့ သတ်မှတ်ပြီး လုပ်စေချင် ပါတယ်။ ကျွန်တော်တို့လဲ လိုက်နာ ဆောင်ရွက်ပါမယ် " ဟု ၄င်းက ပြောပြသည်။

ဈေးသည်များကို တရားဥပဒေ လေးစား လိုက်နာရန် နှင့် အသိပညာပေး ဆွေးနွေးမှု အပိုင်းကိုလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေး) ဌာနခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးညီမြင့်ထွန်း က ပြောပြသည်။

" စာကပ်ပြီး နောက်ပိုင်းမှာ တချို့ဆိုင်တွေ ပိတ်လိုက်ပြီ၊ မဖွင့်တော့ဘူး။ အရင် လေး ၊ ငါးဆိုင် ကနေ အခု နှစ်ဆိုင်လောက်ပဲ ကျန်တော့တယ်။ အသိပညာပေးတဲ့ အပိုင်းတွေကို လုပ်ဆောင်သွားမယ်။ ဆိုင်ခန်းနေရာ
ချမှတ်နိုင်ရေး အတွက် သူတို့ရဲ့ တင်ပြချက်နဲ့ အခက်အခဲတွေကို တိုင်းဒေသကြီး အစိုးရထံ တင်ပြသွားပါမယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။

ရှေးဟောင်း အဆောက်အအုံ ၏ အနီးတွင် ထွက်ယက် စိုက်ပျိုးခြင်း ၊ ဥယျာဉ်စိုက်ပျိုးခြင်း ၊ တိရစ္ဆာန်များ မွေးမြူခြင်း ၊ ပိတ်ဆို့၍ ခြံစည်းရိုးများ ကာရံခြင်း (သို့မဟုတ်) ရှေးဟောင်း အဆောက်အအုံ ကို ထိခိုက်စေနိုင်မည့် ဆောင်ရွက်မှု တစ်စုံတစ်ရာ ပြုလုပ်ခြင်း ၊ ရှေးဟောင်း အဆောက်အအုံ နှင့် သဘာဝ ပတ်ဝန်းကျင် ကို ထိခိုက် စေနိုင်သော ဓာတုပစ္စည်းများ စွန့်ပစ်ခြင်း စသည့် တားမြစ်ချက် များကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား ပါက ထောင်ဒဏ် ၆ လမှ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ကို ဖြစ်စေ ၊ အနည်းဆုံး ငွေကျပ် သုံးသိန်း မှ အများဆုံး တစ်ဆယ့်ငါးသိန်း ထက် မပိုသော ငွေဒဏ်ကို ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ကို ဖြစ်စေ ချမှတ်နိုင်ကြောင်း ၂၀၁၅ ခုနှစ် ရှေးဟောင်းဆိုင်ရာ ဥပဒေ၌ ပါရှိကြောင်း သိရသည်။

ဇင် (ကောလင်း)

ရတနာပုံနေ့စဉ် ၊ စာ(၂၇)

No comments:

Post a Comment