Pages

Monday, August 15, 2016

သစ်ထုတ်လုပ်မှု ရပ်ဆိုင်းထားသော်လည်း ပရိဘောဂလုပ်ငန်းများ ကုန်ကြမ်းအဖြစ် အခက်အခဲမရှိ



ရန်ကုန် ၊ ၁၅-၈-၂၀၁၆

မြန်မာတစ်နိုင်ငံလုံး၌ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းထားသော်လည်း လက်ရှိတွင် လုပ်ငန်း လည်ပတ်ရန် ကုန်ကြမ်း အခက်အခဲ ဖြစ်ပေါ်ခြင်း မရှိသေးကြောင်း ပရိဘောဂ လုပ်ငန်းရှင်များ ထံမှ သိရသည်။

ယခင်က ပြည်တွင်း၌ ထုတ်လုပ်ထားသော သစ်မာများ အများအပြား ကျန်ရှိနေသေး သဖြင့် သစ်အသုံးပြုရသော လုပ်ငန်းများ အတွက် ကုန်ကြမ်း အခက်အခဲ ဖြစ်ပေါ်မှု မရှိခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ သစ်တောများ၌ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ခြင်း နှင့် ပတ်သက်၍ လုပ်ငန်းရှင် တချို့က ဝေဖန်မှုများ ရှိသော်လည်း ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သူ များကမူ ထောက်ခံ ကြိုဆိုခဲ့ ကြသည်။ တစ်နိုင်ငံလုံး၌ သစ်ထုတ်လုပ်မှုကို တစ်နှစ် ရပ်ဆိုင်းမည် ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှသာ ပဲခူးရိုးမကလွဲ၍ ကျန်နေရာများ၌ သစ်ထုတ်လုပ်မှုများ ပြန်လည် ခွင့်ပြုသွားမည် ဖြစ်ကာ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ခွင့် ကို ၁၀ နှစ်ကြာသည် အထိ ဆက်လက် ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များက ပဲခူးရိုးမ၌ တရားမ၀င် သစ်ထုတ်လုပ်မှု ပမာဏ များပြားသကဲ့သို့ တရားမ၀င် သစ်ခိုးထုတ်မှု များလည်း အများအပြား ရှိခဲ့သဖြင့် အဖိုးတန်သစ်များ ပြုန်းတီးမှု မရှိစေရေး အတွက် ၁၀ နှစ်ကြာသည် အထိ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းပြီး ပြန်လည်ပြုပြင် ထိန်းသိမ်း သွားမည် ဖြစ်သည်။ အဆိုပါ ၁၀ နှစ်တာကာလ အတွင်း အဖိုးတန်သစ်များ  ပြုစုပျိုးထောင်ခြင်း နှင့် သစ်တောသယံဇာတ များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း တို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ နှစ်စဉ် ကျွန်းသစ်တန်ချိန် သုံးသိန်း နှင့် သစ်မာ တန်ချိန် ၁၅ သိန်း ၀န်းကျင်အထိ ထုတ်လုပ်ခဲ့ သော်လည်း လာမည့် ဘဏ္ဍာနှစ်မှစ၍ ကျွန်းသစ်တန်ချိန် ၁၅၀၀၀ ခန့်နှင့် သစ်မာတန်ချိန် ၃၅၀၀၀ ၀န်းကျင်သာ ခုတ်ယူခွင့်ပြု တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မတ်လ ကစပြီး ပြည်ပနိုင်ငံတို့သို့ သစ်အလုံးလိုက် တင်ပို့ခြင်း များကို ရပ်နားလိုက်ပြီး လက်ရှိတွင် ပရိဘောဂပစ္စည်း များ ၊ အထပ်သားများ နှင့် တခြားသစ် အချောထည်များ ကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြု ထားကြောင်း သိရသည်။

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment