Pages

Monday, August 8, 2016

ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ ကျားနှင့် မျောက်လွှဲကျော်များ မှတ်တမ်းယူခြင်း လုပ်ငန်းကို မကြာမီစတင်မည်



တနိုင်း ၊ ၈-၈-၂၀၁၆

ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်း ချိုင့်ဝှမ်းဒေသ တွင် ကျက်စားလျက် ရှိသည့် ကျားနှင့် မျောက်လွှဲကျော် များ မှတ်တမ်းယူခြင်း လုပ်ငန်းကို မကြာမီ စတင်မည် ဖြစ်ကြောင်း ဟူးကောင်း ချိုင့်ဝှမ်းဒေသ သားရဲတိရစ္ဆာန် နှင့် ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဆင်နဲ့ကျားတွေရဲ့ သွားလာ လှုပ်ရှားပုံတွေကို မှတ်တမ်းတင်နိုင်ဖို့နဲ့ ဇီဝမျိုးကွဲတွေ ရဲ့ကျက်စားမှုတွေကို သုတေသန ပြုနိုင်ဖို့ လုပ်ဆောင်တာပါ။ လူအင်အားနဲ့ စက်ကိရိယာ တွေကို နည်းစနစ် မှန်ကန်အောင် လုပ်နိုင်ဖို့ပဲ လိုတာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထိုသို့ ကျားနှင့် မျောက်လွှဲကျော် များ၏ မှတ်တမ်းယူခြင်း လုပ်ငန်းကို ၂ဝဝ၈ ခုနှစ် နောက်ပိုင်းတွင် ခုနစ်နှစ်ခန့် လုပ်ငန်းရပ်နား ခဲ့ရာမှ ယခုအခါ ပြန်လည် စတင်ခြင်းဖြစ်ကာ ကျားနှင့် မျောက်လွှဲကျော် များ၏ မှတ်တမ်း ယူခြင်းကို ဘေးမဲ့တော ဧရိယာဖြစ်သည့်  ကချင်ပြည်နယ် နန်းယွန်းမြို့နယ် ၌ စတင် ဆောင်ရွက်မည် ဖြစ်ပြီး ကျားမှတ်တမ်း ယူခြင်းအတွက် ကင်မရာ ထောင်ချောက် တပ်ဆင်ခြင်းကို တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ပြုလုပ်မည် ဖြစ်ကာ မျောက်လွှဲကျော် များကို အသံပါ ဖမ်းယူသော စနစ်ဖြင့် မှတ်တမ်းယူမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျားနှင့် မျောက်လွှဲကျော်များ မှတ်တမ်းယူခြင်း လုပ်ငန်း ပြန်လည် စတင်ရာတွင် ကမ္ဘာ့ ပတ်ဝန်းကျင် ဆိုင်ရာ GEF အကူအညီဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ဟူးကောင်းချိုင့်ဝှမ်း ဒေသ၌ ၂ဝ၁၃-၂ဝ၁၄ ခုနှစ် မှတ်တမ်းများ အရ ကျားအကောင်ရေ ၇၂ ကောင်မှ ၈၂ ကောင်ကြား ရှိပြီး မျိုးစိတ်များအရ ငှက် ၄၃၃ မျိုး၊ နို့တိုက်သတ္တဝါ ၃၉ မျိုး၊ တွားသွားသတ္တဝါ ခုနစ်မျိုး၊ မြွေ အမျိုးအစား ခြောက်မျိုးနှင့် ဖားအမျိုးအစာြးေ ခာက်မျိုး ရှိကြောင်း သိရသည်။

ထို ဘေးမဲ့တောသည် ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ တည်ရှိပြီး အကျယ်အဝန်း ၂၄၉၄ စတုရန်းမိုင် ကျယ်ဝန်းကာ ဇီဝမျိုးစုံကို လေ့လာနိုင်ခြင်း၊ ကျားနှင့်ဆင် အပါအဝင် တောရိုင်း တိရစ္ဆာန် များကို လေ့လာနိုင်ခြင်း ၊ တောတွင်းသို့ ဆင်စီး၍ ရက်ရှည် ခရီးသွား နိုင်ခြင်း၊ ချောင်းလက်တက် များကို လှေဖြင့် စုန်ဆင်းခြင်း၊ လယ်ထွန်သည့် လုပ်ငန်းများကို ဆင်စီး၍ လေ့လာ နိုင်ခြင်းနှင့် တိုင်းရင်းသား တို့၏ ရိုးရာအိမ် များကို လေ့လာခြင်း တို့ ပြုလုပ် နိုင်ကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment