Pages

Thursday, August 4, 2016

ခရီးသွားဖွံ့ဖြိုးမှု နိမ့်ကျသည့်ဒေသများတွင် ကျေးရွာလူထုအခြေပြု ခရီးစဉ်လုပ်ငန်းများ တိုးချဲ့ လုပ်ဆောင်သွားမည်



နေပြည်တော် ၊ ၄-၈-၂၀၁၆

မြန်မာနိုင်ငံ အတွင်းရှိ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှု နိမ့်ကျသည့် ဒေသများတွင် ကျေးရွာလူထု အခြေပြု ခရီးစဉ်လုပ်ငန်း များကို တိုးချဲ့လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ သိရသည်။

ရန်ကုန်မြို့ရှိ Park Royal Hotel တွင် သြဂုတ် ၂ ရက်က ပြုလုပ်သည့် Myanmar Hospitality And Tourism ဆွေးနွေး ဖလှယ်ပွဲ၌ ပြည်တွင်းခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန် ကျေးရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း များကိုလည်း ပြည်ပ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် နေကြောင်း သိရသည်။

''လက်ရှိမှာ ကျေးရွာလူထု အခြေပြု ခရီးသွား လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေတာ တိုးချဲ့ဆောင်ရွက် နိုင်ရင် အလုပ်အကိုင် အခွင့်အလမ်း တွေ ပိုမိုရရှိ လာမယ်။ ဒီလုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်ဖို့ သူတို့ကို သင်တန်းတွေ ပေးရတယ်။ နောက် လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေနဲ့ ထိတွေ့ ဆက်ဆံတဲ့ အပိုင်းမှာ သင့်တော်တဲ့ အသိပညာပေး ဗဟုသုတတွေနဲ့ ဝန်ဆောင်မှု အပိုင်းတွေကို သင်ကြားပေး ပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့်သွင် က ပြောပြသည်။

လက်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်း ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် ဗဟိုအစိုးရ၊ တိုင်းဒေသကြီး အစိုးရနှင့် ပြည်နယ် အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ နှင့်ပူးပေါင်းပြီး ခရီးသွား လုပ်ငန်း နှင့် ပတ်သက်သည့် ကဏ္ဍတစ်ခုချင်း အပေါ် မူတည်ကာ လိုအပ်ချက်များကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကျေးရွာလူထု အခြေပြု ခရီးသွား လုပ်ငန်းကို ရှမ်းပြည်နယ်ရှိ ပအို့ဝ် ကျေးရွာများ၊ ကချင်ပြည်နယ် ရှိ အင်းတော်ကြီးကန်၊ မန္တလေးတိုင်း ဒေသကြီးရှိ ပုဂံနှင့် ဧရာဝတီ လင်းပိုင်ရှိ ကျေးရွာများ၊ ကရင်ပြည်နယ် သံတောင်ကြီးမြို့ နှင့် ကယားပြည်နယ် လွိုင်ကော်မြို့ တို့တွင် ဆောင်ရွက် နေကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment