Pages

Tuesday, August 9, 2016

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ သင်တန်းနည်းပြအရာရှိများ ၊ သင်တန်းသား အရာရှိများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်စဉ်

ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး သင်တန်း သင်ခန်းစာ ပို့ချနေစဉ်

နေပြည်တော် ၊ ၉-၈-၂၀၁၆

မြန်မာ့တပ်မတော် နှင့် သြစတြေးလျ တပ်မတော်တို့ အကြား လေ့ကျင့်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်အနေဖြင့် ဆောင်ရွက်သော Myanmar-Australia United Nations Peacekeeping Training Programme ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ကျင်းပ ပြုလုပ်သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ နိုင်ငံ သံအမတ်ကြီး H.E. Mr. Nicholas Coppel နှင့် စစ်သံမှူး Captain Jonathan Dudley ၊ သြစတြေးလျ တပ်မတော်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ သင်တန်းနည်းပြ အရာရှိများနှင့် မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိများ တက်ရောက် ကြသည်။

အခမ်းအနားတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ UN Peacekeeping တွင် ၁၉၅၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ပါဝင်ဆောင်ရွက် ခဲ့မှုနှင့် ၂ဝ၁၄ ခုနှစ်မှ ယနေ့ထိ လိုက်ဘေးရီးယား နှင့် တောင်ဆူဒန် နိုင်ငံတို့၌ UN Observer အဖြစ် တာဝန် ထမ်းဆောင်မှု အခြေအနေများ၊ သင်တန်း ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက် ပေးသည့် သြစတြေးလျ နိုင်ငံဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ များနှင့် အကျိုးရှိသည့် သင်တန်း ဖြစ်စေရေး ကြိုးစားအားထုတ် လေ့လာကြရန် မှာကြားသည်။

ထို့နောက် သြစတြေးလျ သံအမတ်ကြီးက အမှာစကား ပြောကြားသည်။ ၄င်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် သြစတြေးလျ သံအမတ်ကြီး တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် အဖွဲ့ဝင်များ သည် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက် လာကြသူများ၊ သင်တန်းနည်းပြ အရာရှိများ၊ သင်တန်းသား အရာရှိများ နှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ သင်တန်းကို မြန်မာ့ တပ်မတော်မှ အရာရှိများအား ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆိုင်ရာ ဘာသာရပ် များကို လေ့လာသင်ယူ နိုင်စေရန်၊ သင်တန်း နည်းပြများ၊ သင်တန်းသား အရာရှိများ အချင်းချင်း အပြန်အလှန် တွေ့ဆုံဖလှယ် ဆွေးနွေးရန် နှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက် စေရန် ရည်ရွယ်ပြီး သြဂုတ် ၁၈ ရက်ထိ ၁ဝ ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment