Pages

Thursday, August 25, 2016



ရွာငံ ၊ ၂၅-၈-၂၀၁၆

ယခုနှစ် ပွင့်လင်းရာသီတွင် ခရီးစဉ်ဒေသ တစ်ခုအဖြစ်ဖော်ဆောင်မည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံဒေသရှိ ပြဒါးလင်းဂူ ယဉ်ကျေးမှုဇုန် သို့ ခရီးသွား ကုမ္ပဏီ တချို့အား ပဏာမ အနေဖြင့် ခရီးစဉ်စမ်းသပ် ပြေးဆွဲခွင့်ပြုရန် စီစဉ်နေကြောင်း ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ရှမ်းပြည်နယ်) ညွှန်ကြားရေးမှူး ဦးထင်အောင် ထံမှ သိရသည်။

အဆိုပါ ဒေသအား ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန် ယခုကဲ့သို့ ပဏာမအနေဖြင့် စမ်းသပ် လုပ်ဆောင်ခြင်း ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ခရီးသွားရာသီ တွင်လည်း ပြီးပြည့်စုံမှု ရှိသော ခရီးစဉ်ဒေသ ဖြစ်လာစေရန် ခရီးသွား ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ခရီးသွားရာသီကာလအတွင်း စမ်းသပ်သည့် အနေဖြင့် ခရီးစဉ် ပြေးဆွဲခွင့် ပေးခြင်းဖြစ်သည်။ ရွာငံဒေသအား ခရီးစဉ်ဒေသသစ် တစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်နိုင် ပါက ဒေသခံ တိုင်းရင်းသား များ၏ စီးပွားရေး၊ လူမှုဘဝများ တိုးတက် ပြောင်းလဲနိုင်သည့် အပြင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ် များကိုလည်း ကမ္ဘာက ပိုမိုသိရှိလာ စေနိုင်မည် ဖြစ်သည်။ ယင်း အကျိုးဆက် အနေဖြင့် ပြည်ပခရီးသွား ဧည့်သည်များ အကြား ပိုမိုသိရှိ လာပြီး လာရောက် လေ့လာသူ များလည်း တိုးတက်မှု ရှိလာစေမည် ဖြစ်သည်။

ထို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ရွာငံဒေသကို ခရီးစဉ်သစ် Tour Site တစ်ခုအဖြစ် ဖော်ဆောင်သွားနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရွာငံဒေသကို ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဖော်ဆောင်ရာ၌ နှစ်ပေါင်း ၁၃ဝဝဝ ကျော်က ကျောက်ခေတ် လူသားများရေးဆွဲ ခဲ့သော ကျောက်နံရံ ပန်းချီများ တည်ရှိသည့် ပြဒါးလင်းဂူ ယဉ်ကျေးမှုဇုန် နှင့် တခြားသော ယဉ်ကျေးမှု အမွေအနှစ် နေရာတချို့ ပါရှိနေသဖြင့် ခရီးစဉ်သစ် ဖော်ဆောင်မှုကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနနှင့် ဆွေးနွေးညှိနှိုင်း လုပ်ဆောင် သွားမည်ဖြစ်သည်။ ယင်းဒေသ၌ ကမ္ဘာ လှည့် ခရီးသွား ဧည့်သည်များ စိတ်ဝင်စားမှု ရှိသော ပြဒါးလင်းဂူ ယဉ်ကျေးမှုဇုန် အပါအဝင် ရေပြာအိုင် နှင့် တခြားလေ့လာ လည်ပတ်နိုင်သော သဘာဝ ရေတံခွန်များလည်း ရှိကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment