Pages

Thursday, July 28, 2016

မိုင် ၂၀ ခန့်ရှိသည့် မန္တလေး-ပြင်ဦးလွင် လမ်းသစ် ဖောက်လုပ်ရေး အတွက် နည်းပညာကို Hyundai ကုမ္ပဏီက အကူအညီပေးမည်



မန္တလေး ၊ ၂၈-၇-၂၀၁၆

မန္တလေး- ပြင်ဦးလွင် လမ်းသစ် ဖောက်လုပ်မှုကို လက်ရှိတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လမ်းအူကြောင်း ဖောက်လုပ်မှု ကဏ္ဍအပိုင်းကို တောင်ကိုရီးယား နိုင်ငံမှ Hyundai ကုမ္ပဏီက နည်းပညာပိုင်း 

အကူအညီ ပေးသွားမည် ဖြစ်ကြောင်း ယင်းလမ်းကို ဖောက်လုပ် နေသည့် Axiom Mandalay Highway Construction ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''လမ်းအူကြောင်း ကို ဖောက်လုပ်တဲ့ အခါမှာ မတ်စောက်တဲ့ တောင်တစ်ခုကို လိုဏ်ခေါင်း ဖောက်ပြီး ဖြတ်သန်းရမှာ ဖြစ်တာကြောင့် ပြည်ပ နည်းပညာရှင် တွေရဲ့ အကူအညီ လိုအပ် ပါတယ်။ လိုအပ်တဲ့ ကဏ္ဍအပိုင်း ကို Hyundai ကုမ္ပဏီက ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ် '' ဟု ၄င်းက ပြောသည်။

Hyundai ကုမ္ပဏီက ယင်းလုပ်ငန်း ကဏ္ဍအပိုင်းကို လုပ်ကိုင်ရန် အင်ဂျင်နီယာ Mrs. Kim Yeong Min နှင့်အဖွဲ့မှ ဇူလိုင် ၂၄ ရက်တွင် ယင်းလမ်းပိုင်း များကို ကွင်းဆင်း လေ့လာမှု ပြုလုပ်ထားပြီး ဖြစ်သည်။

ယင်း လမ်းအူကြောင်းတွင် ရှိသည့် တောင်အား ဥမင်လိုဏ်ခေါင်း ဖောက်လုပ်မည့် အစီအစဉ်ကို ယခုလကုန်ပိုင်း မှစ၍ Hyundai ကုမ္ပဏီမှ အကောင် အထည်ဖော် ဖောက်လုပ် နေသည့် ပြည်တွင်း ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

ထို့ပြင် အဆိုပါလမ်း ၏ မြေပြန့်လမ်းပိုင်း ကိုလည်း စင်ကာပူနှင့် ထိုင်းနိုင်ငံ တို့မှ အင်ဂျင်နီယာ များကို ခေါ်ယူပြီး ဖောက်လုပ် သွားမည် ဖြစ်သည်။

ယင်း လမ်းသစ်သည် စုစုပေါင်း လမ်းပိုင်း အရှည် မိုင် ၂ဝ ခန့်ရှိရာ ကတ္တရာလမ်း အကျယ် ၂၄ ပေ၊ လမ်းပခုံးသား တစ်ဖက်လျှင် သုံးပေနှင့် ရေဆင်းမြောင်း အပါအဝင် ပေ ၅ဝ ကျယ်မည် ဖြစ်ပြီး ပုသိမ်ကြီးမြို့နယ် အတွင်း လမ်းအရှည် နှစ်မိုင်၊ ကတ္တရာလမ်း နှင့် မြေသားလမ်း လေးမိုင်၊ ပြင်ဦးလွင် မြို့နယ် အနီးစခန်းနှင့် တိုးကြီးကုန်း ကျေးရွာအထိ လမ်းအူကြောင်း ဖောက်လုပ်မည် ဖြစ်ပြီး အနီးစခန်း အနီး၌ မူလလမ်းဟောင်း နှင့် ပြန်လည် ပေါင်းဆုံမည် ဖြစ်သည်။

ယင်းလမ်းသစ်ကို အသုံးပြုမည့် ယာဉ်များ အနေဖြင့် တံတား ၁ဝ စင်းကို ဖြတ်သန်း ရမည်ဖြစ်ကြောင်း သိရသည်။ 

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment