Pages

Friday, July 1, 2016

မြောက်ကိုရီးယား ဒုံးပျံများကြောင့် ဒုံးပျံကာကွယ်ရေးစနစ် ပူးတွဲတည်ထောင်လိုက်ရသည့် အမေရိကန် ဂျပန် နှင့် တောင်ကိုရီးယား


The US, South Korea and Japan launched a joint missile defense exercise in waters off Hawaii on June 28, 2016.




( ရှိန်းထက် )

၂ဝ၁၆ ခုနှစ် အစပိုင်းမှ စတင်ကာ နျူကလီးယား စမ်းသပ်မှုများ နှင့် ဒုံးပျံ စမ်းသပ်မှု များကို ဆက်တိုက်လုပ် နေခဲ့သော မြောက်ကိုရီးယား ၏ ဒုံးပျံ နည်းပညာသည် ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် တိုက်ချင်းပစ် ဒုံးပျံ (ICBM) အဆင့်သို့ပင် ရောက်ရှိနိုင် သည်ဟု အမေရိကန် တို့က ထုတ်ဖော်ပြောဆို လိုက်သည်။ အထူးသဖြင့် မကြာမီက မြောက်ကိုရီးယား တို့ အသုံးပြု ခဲ့သော မူဆူဒန် တာလတ်ပစ် ဒုံးပျံ နည်းပညာများကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်။ 

ထို့ကြောင့် အမေရိကန် သည် ဂျပန်၊ တောင်ကိုရီးယား တို့နှင့်အတူ ဟာဝိုင်အီ ကမ်းလွန်၌ သူ၏ဒုံးပျံဖျက် လက်နက်ထဲတွင် အကောင်းဆုံး ဟု ဆိုနိုင်သည့ှ်SM 6 Dual I အမျိုးအစား ဒုံးပျံများနှင့် SM 2 BLOCKIV အမျိုးအစား ဒုံးပျံများ အသုံးပြုကာ ဒုံးပျံ ကာကွယ်ရေး အတွက် လေ့ကျင့်ခဲ့ ကြသည်။ ထို့ပြင် တောင်ကိုရီးယား ၌ ချထားမည့် ဒုံးပျံ ကာကွယ်ရေး စနစ် THAAD ကို ကိုရီးယားကျွန်းဆွယ် အပြင်ဘက် သို့တိုင် ဖြန့်ကြက်နိုင်ရန် အထိပါ ဆွေးနွေးခဲ့ ကြပြီး အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန် ဒုံးပျံ ကာကွယ်ရေး စနစ်ကိုပါ အကောင်အထည် ဖော်ခဲ့ကြသည်။

မြောက်ကိုရီးယား တို့၏ ဒုံးပျံ နည်းပညာသည် ၂ဝ၁၆ ခုနှစ်ထဲတွင် မိုင်ပေါင်း ၇ဝဝဝ ကျော် ရောက်နိုင်သည် အထိ စွမ်းဆောင် နိုင်ခဲ့ပြီး အမေရိကန် အရောက်ပါ ပစ်ခတ်နိုင်သည်။ ထို့ကြောင့် အာရှ-ပစိဖိတ် ရှိ အမေရိကန်၏ မည်သည့် စစ်အခြေစိုက် စခန်းကိုမဆို မြောက်ကိုရီးယား တို့ တိုက်ခိုက်နိုင် နေပြီဖြစ်သည်။ တစ်ကမ္ဘာလုံးက မြောက်ကိုရီးယား ကို နျူကလီးယား လက်နက် စမ်းသပ်နေဆဲ အဖြစ် ယူဆထား သော်လည်း အမေရိကန် တို့က နျူကလီးယား ထိပ်ဖူး လေးခုအထိ ပိုင်ဆိုင်ထားပြီဟု ဆိုသည်။

မြောက်ကိုရီးယား ကိုရည်ရွယ်ပြီး အမေရိကန်၊ တောင်ကိုရီးယား နှင့်ဂျပန်တို့ စစ်ရေး ပူးပေါင်း လေ့ကျင့်ရေး အပေါ် ပြုံယမ်း က အပြင်းအထန် ပြစ်တင်ရှုတ်ချ ခဲ့ပြီး စစ်ရေး လှုံ့ဆော်မှု တစ်ခုဟု ခေါင်းစဉ်တပ် ကာ သူ့နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက် လာပါက နျူကလီးယား လက်နက် အသုံးပြု သွားမည်ဟု ပင် အမေရိကန် တို့ကို တန်ပြန် ခြိမ်းခြောက် ခဲ့သေးသည်။

ယခု အမေရိကန် သည် အာရှ-ပစိဖိတ် ၌သူ၏ တတိယမြောက် စစ်အင်အားကို တပ်ဖြန့်ချထား နိုင်ပြီဖြစ်ပြီး သူ၏ အားအထား ရဆုံး သမုဒ္ဒရာဖြတ် လေယာဉ်တင် သင်္ဘောကြီး များပင် ပါဝင်လာသည်။ တောင်တရုတ် ပင်လယ်ပြင် နှင့် အရှေ့တရုတ် ပင်လယ်ပြင် အရေးကြောင့် တရုတ်၏ စစ်အင်အား ဖြန့်ကြက်မှု ကို စောင့်ကြည့် နေရသော အမေရိကန်သည် တစ်ပြိုင်နက် တည်းတွင် မြောက်ကိုရီးယား ကိုပါ အောင်မြင်သည့် စစ်ဆင်ရေး တစ်ခု ဆောင်ရွက် နိုင်သည် အထိပါ စစ်ဆင်ရေး ဗျူဟာများ ခင်းနေရသည်။

မြောက်ကိုရီးယား စစ်ဆင်ရေး အတွက် ဂူအမ်ကျွန်း စစ်အခြေစိုက် စခန်းနှင့် အိုကီနာဝါကျွန်း စစ်အခြေစိုက် စခန်းတို့သည် အမေရိကန် အတွက် အားအထားရဆုံး ဖြစ်ကာ တောင်ကိုရီးယား ရှိ သူ၏ စစ်အခြေစိုက် စခန်းကို အမာခံ ကျောထောက် နောက်ခံပေးမည့် စခန်းများလည်း ဖြစ်သည်။ ယခု အမေရိ ကန် အတွက် အကြီးမားဆုံး ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေ ရသည်။ အိုကီနာဝါကျွန်း ရှိ သူတို့ စစ်အခြေစိုက် စခန်းကို ဖယ်ရှားပေးရန် ဂျပန်ပြည်သူ ၆ဝဝဝဝ ကျော်က တောင်းဆို နေသောကြောင့် ဖြစ်သည်။

တစ်နေ့ထက် တစ်နေ့ ဆန္ဒပြသူဦးရေ ပိုများလာကာ အမေရိကန် စစ်သားဟောင်း တစ်ဦးက အိုကီနာဝါ ကျွန်းသူတစ်ဦး ကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ကာ သတ်ပစ် လိုက်သောကြောင့် ဖြစ်သည်။ အသတ်ခံရသည့် အသက် ၂ဝ အရွယ် အမျိုးသမီးငယ် လေး၏ ဖခင်ကိုယ်တိုင် ဆန္ဒပြမှုကို ဦးဆောင်နေပြီး ဂျပန်တစ်နိုင်ငံလုံးရှိ ပြည်သူများသည် အိုကီနာဝါကျွန်းသို့ လာရောက်ပြီး အမေရိကန်တို့ ဂျပန်မြေမှ ထွက်ခွာသွားဖို့ အရေး ဆန္ဒပြကြဖို့ လှုံ့ဆော်ထားသည်။

အိုကီနာဝါကျွန်း ရှိ အမေရိကန် စစ်သားများသည် လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်မှုကြောင့် ယခင် ကတည်းကပင် နာမည်ပျက် ရှိပြီး ဂျပန်တို့၏ မုန်းတီးမှုကို ခံနေရသူများ ဖြစ်သည်။ အကယ်၍ အိုကီနာဝါကျွန်း မှ အမေရိကန်တို့ ဖယ်ရှားပေး လိုက်ရပါက အမေရိကန် စစ်ဆင်ရေး ဗျူဟာတစ်ခုလုံး ကမောက်ကမ ဖြစ်သွားမည် ဖြစ်သည်။ ယခင်က ဂျပန် အစိုးရ အဆက်ဆက် သည် အမေရိကန် စစ်အခြေစိုက် စခန်းများကို ပြည်သူများ မည်မျှပင် ဆန္ဒပြပြ လျစ်လျူရှုထား ခဲ့သည်။

Tens of thousands of Japanese have protested on the island of Okinawa, calling again for the removal of United States military bases there.

ယခု အခြေအနေ သည် အနည်းငယ် စိုးရိမ်စရာ ဖြစ်လာနေပြီ ဖြစ်သည်။ စတင် ဆန္ဒပြသည့် အချိန်က ထောင်ဂဏန်းသာ ရှိသော လူအုပ်ကြီးသည် ယခု သိန်းဂဏန်း နားကပ်လာနေပြီ ဖြစ်သည်။ အာရှ-ပစိဖိတ် စစ်ဆင်ရေး အတွက် ဗဟိုချက်မ ဖြစ်သော အိုကီနာဝါကျွန်း သည် အမေရိကန်တို့ အတွက် မရှိမဖြစ် အရေးပါသည်။ အကယ်၍ မြောက်ကိုရီးယား က ပစ်လွှတ် လိုက်သော ဒုံးပျံများကို တောင်ကိုရီးယား ရှိ ဒုံးပျံ ကာကွယ်ရေး စနစ်များက မဖျက်ချ နိုင်ပါက အိုကီနာဝါ ကျွန်းရှိ ဒုံးပျံများဖြင့် ဖျက်ချ နိုင်သည်။

မြောက်ကိုရီးယား က အမေရိကန် အရောက် တာဝေးပစ်ဒုံးပျံ သို့မဟုတ် တိုက်ချင်းပစ် ဒုံးပျံ ICBM ဖြင့် တိုက်ခိုက်ပါက ကျိန်းသေ ဂျပန်မြေကို ဖြတ်ကျော်ရမည် ဖြစ်သည်။ ထို့ကြောင့် ဂျပန်ရှိ အိုကီနာဝါ စစ်အခြေစိုက် စခန်းသည် အမေရိကန် အတွက် အရေးပါ နေရခြင်း ဖြစ်သည်။ သို့သော်လည်း ယခု အချိန်ထိတော့ အာဘေး အစိုးရက အမေရိကန် စစ်အခြေစိုက်စခန်းနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆို ထားခြင်း  မရှိဘဲ စစ်ရေးအရ ပူးပေါင်းမှုသာ ဆက်လက် တိုးမြှင့်နေသည်။

အချိန်ကြာ လာသည်နှင့် အမျှ အာရှဒေသသည် စစ်ရေး ခြိမ်းခြောက်မှု ဒီရေများ ဆက်လက်မြင့်တက် လာနေပြီး မြောက်ကိုရီးယား သည် ပထမတန်းစား စစ်ရေး ခြိမ်းခြောက်သူ ဖြစ်လာလျက် ရှိသည်။ တရုတ်နှင့် အာဆီယံ၊ တရုတ်နှင့် ဂျပန်၊ မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား၊ မြောက်ကိုရီးယား နှင့် ဂျပန် အခြေအနေ သည် တဖြည်းဖြည်း ပြေလျော့သွားသည် မရှိဘဲ ပိုမိုဆိုးရွား လာသည်။

မြောက်ကိုရီးယား က သူ၏ နျူကလီးယား လက်နက် ပစ်လွှတ်မည့် နိုင်ငံများ၌ အမေရိကန်၊ တောင်ကိုရီးယား နှင့် ဂျပန်တို့သည် ထိပ်ဆုံးမှ ဖြစ်သည်ဟု ထုတ်ဖော်ပြောဆို ထားသည်။ ထို့ကြောင့် မြောက်ကိုရီးယား ဒုံးပျံတစ်ခါ စမ်းသပ်တိုင်း တောင်ကိုရီးယား နှင့် ဂျပန်တို့ အပြင် အမေရိကန် စစ်အခြေစိုက် စခန်းများအားလုံး အသင့် အနေအထား ပြင်ထားရသည်။ မြောက်ကိုရီးယား တို့၏ ဒုံးပျံများ မည်သည့် အချိန်တွင် မိမိတို့ နိုင်ငံသို့ ရောက်လာလေ မလဲဟု အမြဲတမ်း စိုးရိမ်နေရ သည်။ ထို့ပြင် ကင်ဂျုံအွန် ကလည်း သူ့တွင် တာလတ် နှင့် တာတိုပစ် ဒုံးပျံများတွင် တပ်ဆင်နိုင်သည့် အသေးစား နျူကလီးယား ထိပ်ဖူးများ ပိုင်ဆိုင်ထားပြီ ဟု ဆိုထားသော ကြောင့်လည်း ပိုမိုစိုးရိမ် နေရ ပြန်သည်။ 

တစ်ဖက်၌ မြောက်ကိုရီးယား တို့ ရေငုပ်သင်္ဘော ပေါ်က ဒုံးပျံပစ်လွှတ် နိုင်သည့် နည်းပညာ ကိုလည်း ပိုင်ဆိုင်မှု ရှိ၊ မရှိ အတိအကျ မသိနိုင်သေးပေ။ အမှန်တကယ် ပိုင်ဆိုင်ထားပြီ ဆိုပါက ကမ္ဘာ့ ကြောက်စရာ အကောင်းဆုံး ရေငုပ်သင်္ဘော အုပ်စုကို ပိုင်ဆိုင်ထားသော မြောက်ကိုရီးယား ဒုံးပျံများ သမုဒ္ဒရာ ကြမ်းပြင်အောက် မည်သည့်နေရာ မှာမဆို ပေါ်လာ နိုင်သေးသည်။ အမေရိကန် တို့သည် မြောက်ကိုရီးယား ရေငုပ်သင်္ဘော များကို အမြဲတမ်း ခြေရာခံ လိုက်လေ့ရှိပြီး မကြာခဏ ဆိုသလို ယင်း ရေငုပ်သင်္ဘော များသည် မြောက်ကိုရီးယား ရေပြင်ထဲမှ ထွက်ခွာသွား တတ်သည်။

မြောက်ကိုရီးယား သည် ရေငုပ်သင်္ဘော ၇ဝ ကျော် ပိုင်ဆိုင်ထားသည်။ မြေပြင် ဒုံးပစ်စင် များမှသာမက ဆယ်ချီရှိသော ရေငုပ်သင်္ဘော များမှသာ ဒုံးပျံပစ်ခတ် နိုင်ပါက ဂျပန်၊ တောင်ကိုရီးယားနှင့် အာရှရှိ အမေရိကန် စစ်အခြေစိုက် စခန်းများသည် မြောက်ကိုရီးယား ၏ ပစ်မှတ်များ ဖြစ်နေသည်။ ထိုဒုံးပျံ ခြိမ်းခြောက်မှု များကို စိုးရိမ်နေ သောကြောင့် အမေရိကန်က ဂျပန်၊ တောင်ကိုရီးယား တို့နှင့် ဒုံးပျံကာကွယ်ရေး စနစ်ကို အကောင်အထည် ဖော်လိုက်ခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment