Pages

Monday, July 11, 2016

ဆရာဝန်အယောင်ဆောင်ပြီး ဆေးခန်းဖွင့် ကုသနေသူများအား ဖော်ထုတ် အရေးယူမည်



ရန်ကုန် ၊ ၁၁-၇-၂၀၁၆

ဆရာဝန် ဖြစ်သော်လည်း ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူများနှင့် ဆရာဝန် အယောင်ဆောင်ပြီး ဆေးခန်းဖွင့် ကုသနေသူ များအား ဖော်ထုတ် အရေးယူ ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်ဟန် က ပြောသည်။

''ဆရာဝန် လက်မှတ်ရပြီး တဲ့သူဆိုရင် ဆေးကုသခွင့် နဲ့ ဆေးခန်း လိုင်စင် ရှိရပါတယ်။ နောက်ပြီး သတ်မှတ်နှစ် အလိုက် သက်တမ်းလည်း တိုးရပါတယ်။ ဝန်ကြီးဌာန အနေနဲ့ ဆရာဝန် မဟုတ်ဘဲ ဆရာဝန် အယောင်ဆောင် ဆေးခန်းဖွင့် ထားသူတွေနဲ့ ကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ နေသူတွေကို ရေရှည်မှာ ဖော်ထုတ် အရေးယူဖို့ ရှိပါတယ်။ ဒီလိုဖော်ထုတ် အရေးယူတဲ့အခါ သူတို့ကို သိနိုင်မယ့် ဒေသဆိုင်ရာ လူမှု အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး တွေက တစ်ဆင့် ပူးပေါင်း ဆောင်ရွက် ပေးရမှာပါ'' ဟု ၄င်းက ပြောသည်။

ဇူလိုင် ၃ ရက်က ပဲခူးတိုင်း ဒေသကြီး ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စု ၌ ဆရာဝန် ဖြစ်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ ဆေးခန်း ဖွင့်လှစ်ပြီး ဆေးကုသ နေသည့် ရန်နိုင်လင်း (ခ) အရှရက် ၂၇ နှစ်အား ပန်းတောင်းမြို့မ ရဲစခန်းမှ (ပ)၂ဝ၈/ ၂ဝ၁၆၊ ၂ဝ၁၅ ခုနှစ် မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ ၅၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆေးကောင်စီ ဥပဒေပုဒ်မ ၅၈ အရ မည်သူမဆို ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသ ပါက ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်သည် ဟု ဖော်ပြထားသည်။

ထိုသို့ ဆရာဝန် အယောင်ဆောင် ပြီး ဆေးခန်းဖွင့်ခြင်း များသည် နယ်မြို့များနှင့် ကျေးလက်ဒေသ များ၌ ပိုမို များပြားသည်။ ယင်းမှာ ရောဂါ ဖြစ်ပွားပါက မြို့ပြသို့ သွားရောက် ကုသရမည့် ကုန်ကျစရိတ် ကြီးမြင့်ခြင်း မှာလည်း တစ်ခု အပါအဝင် ဖြစ်ကြောင်း ဥပဒေရေးရာ ပညာရှင်များ နှင့် ဆရာဝန်များ အသိုင်းအဝိုင်းမှ သုံးသပ်ကြသည်။

''အဓိကကတော့ ကျေးလက်ဒေသ တွေမှာ ကျန်းမာရေး ဝန်ထမ်းတွေ အလုံအလောက် ချထားမပေး နိုင်တာလည်း ပါတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု အာမခံစနစ်က လူမှုဖူလုံရေးက လုပ်ပေးတဲ့ အလုပ်သမားတွေ အတွက်ပဲ ရှိသေးတယ်။ ပြည်သူတွေ အသက်ရှင်သန်ရေး အတွက် ကိုလည်း ဒီအာမခံစနစ် ထားနိုင်ဖို့ လိုပါတယ်'' ဟု ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးဌေး ကပြောသည်။ (မြတ်လေးငုံ)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment