Pages

Sunday, July 31, 2016

၂၀၂၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ပပျောက်ရေးဦးတည် ဆောင်ရွက်မည် ဖြစ်သောကြောင့် မြို့နယ်ဆေးရုံ တိုက်နယ်ဆေးရုံများရှိ ဓာတ်ခွဲခန်းဝန်ထမ်းများအထိ သင်တန်းပေးမည်


ရန်ကုန် ၊ ၃၁-၇-၂၀၁၆

အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်အရ ၂ဝ၂ဝ ပြည့်နှစ်တွင် ငှက်ဖျားရောဂါ ပပျောက်ရေး ဦးတည် ဆောင်ရွက်မည် ဖြစ်သောကြောင့် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ များရှိ ဓာတ်ခွဲခန်း ဝန်ထမ်းများအထိ သင်တန်းပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး  ဌာနမှ သိရသည်။

အာရှဖွံ့ဖြိုးရေးဘဏ် မှ အမျိုးသား ငှက်ဖျားရောဂါ တိုက်ဖျက်ရေး နှင့် အမျိုးသား ဓာတ်ခွဲဌာနများတွင် အရည်အသွေး ထိန်းသိမ်းခြင်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် အတွက် အဖွဲ့အစည်း တစ်ခုဖြစ်သော URC (University Remote Control) သို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်း ထောက်ပံ့ ပေးခဲ့သည်။

၎င်းရန်ပုံငွေဖြင့် သတ်မှတ်ထားသော မြို့နယ် ၁ဝ မြို့နယ်တွင် လုပ်ငန်းကာလ တစ်နှစ်ခွဲ သတ်မှတ်၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများ ပိုမိုတိုးတက် စေရန်အတွက် မြန်မာနိုင်ငံနှင့် သင့်လျော်မည့် နည်းစနစ် တစ်ခုကို အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''၂ဝ၂ဝ ပြည့်နှစ်မှာ ငှက်ဖျားရောဂါ ကင်းစင်ရေးနှစ် အဖြစ် ဆောင်ရွက် နေပါတယ်။ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်း အဆင့်ဆင့်တွေက ပါဝင်ဆောင်ရွက် ကြမှာဖြစ်ပါတယ် ''ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းဝင်း က ပြောသည်။

ငှက်ဖျားရောဂါ ပပျောက်ရေးကို ဦးတည် ဆောင်ရွက်နေသော ဆေးရုံများသည် RDT ခေါ် ငှက်ဖျားပိုး အမြန်သွေးစစ် ကိရိယာကိုသာ အားထား အသုံးပြု နေသည်ကို တွေ့ရပြီး သွေးအဖြေကို အမြန် သိရသော်လည်း ငှက်ဖျားပိုး အရေအတွက် မသိရခြင်း၊ ပိုးအဆင့် မသိနိုင်ခြင်း၊ ဆေးယဉ်ပါးမှု အခြေအနေကို မသိနိုင်ခြင်း စသည့် အားနည်းချက်များ ရှိနေသည့် အတွက် အဏုကြည့် မှန်ဘီလူးကို အသုံးပြု၍ ငှက်ဖျားပိုး အခြေအနေ စစ်ဆေးခြင်းကို စနစ်တကျ လုပ်ဆောင်ရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

ငှက်ဖျားရောဂါ ဖြစ်ပွားလာသည့် အချိန်တွင် ငှက်ဖျားရောဂါ ပိုးကို တိကျစွာ သိရှိနိုင်သော မှန်ဘီလူး အသုံးချပြီး ငှက်ဖျားပိုးအား ကျွမ်းကျင် မှန်ကန်စွာ ကြည့်နိုင်သူများ ဖြစ်ရန် မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ များရှိ ဓာတ်ခွဲဝန်ထမ်း များအထိ သင်တန်းပေးပြီး အရည်အသွေး ထိန်းသိမ်းမှုများ၊ ကြီးကြပ်မှုများ ဆောင်ရွက်သွားမည် ဖြစ်သည်။

လက်ရှိ ကျန်းမာရေး စနစ်များ နည်းလမ်းကျပြီး ပိုမိုကောင်းမွန် စေရန် သက်ဆိုင်ရာ ဌာနများနှင့် တိုင်းဒေသကြီး /ပြည်နယ် အဆင့်တွင်လည်း လုပ်ဆောင်နိုင်ရန် လိုအပ်ပြီး စီမံချက်ဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်ဦးစီး ဌာနမှူးများ၊ ခရိုင်/မြို့နယ် ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူးများမှ တစ်ဆင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment