Pages

Tuesday, July 5, 2016

စားသုံးသူဆိုင်ရာ နည်းဥပဒေ အားနည်းခြင်းများကြောင့် ပညာပေး စစ်ဆေးမှုများအတွက် ထိရောက်မှုမရှိဖြစ်နေ



ရန်ကုန် ၊ ၅-၇-၂၀၁၆

စားသုံးသူဆိုင်ရာ နည်းဥပဒေ အားနည်းခြင်း များကြောင့် ပညာပေး စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ထိရောက်မှု မရှိ ဖြစ်နေကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း သန်လျင်မြို့နယ် အသင်းခွဲ ဥက္ကဋ္ဌ ဦးတင်ရွှေ ၏ ပြောကြားချက် အရ သိရသည်။

''အခု နည်းဥပဒေက ပီပီပြင်ပြင် မရှိသေးတော့ ကျွန်တော်တို့ လုပ်ကိုင်ရတာ ခက်ခဲပါတယ်။ ဈေးတွေမှာ စစ်သာ စစ်ပေမယ့် ထိထိ ရောက်ရောက် အရေးယူ တာမျိုးကို လုပ်မပြ နိုင်သေးတော့ သိပ်မလေးစား ချင်ကြဘူး'' ဟု ၄င်းက ပြောသည်။

ထို့ကြောင့် စားသုံးသူ ဆိုင်ရာ နည်းဥပဒေ ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရန် လွှတ်တော် ကိုယ်စားလှယ် များထံ တင်ပြထားပြီး ယင်းမှ တစ်ဆင့် လွှတ်တော်၌ ဆွေးနွေး အတည်ပြု ကာ အများပြည်သူ အတွက် အကျိုးပြုနိုင်မည့် အခြေအနေမျိုး ရောက်ရှိ လာစေရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

စားသုံးရန် မသင့်သော အစားအစာ များနှင့် ပတ်သက်၍ ပညာပေးမှုများ လုပ်ဆောင်နေ သော်လည်း တချို့မှာ သိလျက်ဖြင့် မလိုက်နာဘဲ ဆက်လက် ရောင်းချနေသူများ ရှိသကဲ့သို့ အသိပညာ အားနည်းခြင်း ကြောင့် ရောင်းချ နေသူများလည်း ရှိသည်။

''ကျွန်တော်တို့ ကျောင်း မုန့်ဈေးတန်းတွေ စစ်ဆေးတုန်းက ကျောင်း တစ်ကျောင်းမှာ မစားသင့်တဲ့ မုန့်တွေကို ရောင်းချနေတာ တွေ့ရတယ်။ သူ့ဆိုင် တစ်ဆိုင်လုံး နီးပါးပဲ။ ဒါတွေကို သိမ်းရင်လည်း အရင်း ပြုတ်ဖို့ပဲရှိမယ်။ ကျောင်းမှာ လာတက်တဲ့ ကလေးတွေကို သူ့ကလေး၊ ကိုယ့်ကလေး ဘာပဲဖြစ်ဖြစ် ဆိုတာထက် ကိုယ်ချင်းစာစိတ် လေးတော့ ထား စေချင်တယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

အစားအစာ ဆိုင်ရာ ကိစ္စရပ်များ အတွက် နောက်ပိုင်းတွင် ပညာပေးရုံဖြင့် မလုံလောက် တော့ဘဲ ဥပဒေဖြင့် ကြပ်မတ် ကိုင်တွယ်ရန် အဓိက ကျလာကြောင်း ကျောင်းသား မိဘများက သုံးသပ် ပြောသည်။

ထက်ခိုင် (စမ်းချောင်း)

No comments:

Post a Comment