Pages

Friday, July 1, 2016

ရေပြန်တောင် ကို သဘာဝထိန်းသိမ်းတောနယ်မြေ တစ်ခုဖြစ်လာစေရန် ပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်



ပြင်ဦးလွင် ၊ ၁-၇-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ် ရှိ အမြင့်ပေ ၃၈ဝဝ ကျော်၌ရှိသော ရေပြန်တောင် ကို နိုင်ငံတော် အသိအမှတ်ပြု သဘာဝ ထိန်းသိမ်းတော နယ်မြေတစ်ခု ဖြစ်လာစေရန် ကနဦးပြုပြင် ထိန်းသိမ်းမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း စိမ်းလန်း ပြင်ဦးလွင် အဖွဲ့မှ သိရသည်။

ရေပြန်တောင် ၌ အမြင့်ပေ ၂ဝဝ ဝန်းကျင်ရှိ ရေတံခွန် အပါအဝင် ရေတံခွန် အဆင့်ခုနစ်ဆင့် အထိရှိပြီး တောအတွင်း၌ ရေထိန်းသစ်ပင်များ၊ သဘာဝ သစ်ပင်များ၊ ကျောက်ဂူ၊ ကျောက်စက်ပန်းဆွဲ များနှင့် ကျေးငှက် သဘာဝအလှအပ များဖြင့် သာယာသော သဘာဝ ပတ်ဝန်းကျင် ဖြစ်သည်။ ယခင်က အဆိုပါ ရေတံခွန်သို့ သွားလာရန် ခက်ခဲသော်လည်း ယခုအခါ လာရောက် လည်ပတ်သူများ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ရေပြန်တောင် ကို ထိန်းသိမ်းခြင်းများ ပြုလုပ်ရန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် စိမ်းလန်း ပြင်ဦးလွင် အဖွဲ့က ဦးဆောင်ကာ အချက်အလက် စုဆောင်းမှု ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ များနှင့် ပတ်ဝန်းကျင် ကျေးရွာများ ကလည်း ပူးပေါင်း ပါဝင်မှုများ ရှိလာကြောင်း သိရသည်။

''ကိုယ့်ဒေသ ပျက်စီးသွားမှာကို မလိုလားဘူး။ ဒါကြောင့် တတ်နိုင် သလောက် ဝိုင်းဝန်းကာကွယ် ရမယ်။ အခုဆိုရင် ရေပြန်တောင် ကို လာရောက် လည်ပတ်တဲ့ သူတွေ များလာပါပြီ။ ဧည့်သည် အလာများတဲ့ ရက်တွေမှာ ကျွန်တော်တို့အဖွဲ့ အနေနဲ့ ဧည့်သည်တွေကို အသိပညာ ပေးတာတွေ လုပ်တယ်။ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ ရေတံခွန်တွေမှာ ပုလင်းတွေ မခွဲဖို့ နှိုးဆော်ရတယ်။ နောက်ပိုင်း ဒီဒေသကို လာရောက် လည်ပတ်သူ များပြားလာဖို့ပဲ ရှိတယ်။ ရေပြန်တောင် ကို သဘာဝ ထိန်းသိမ်းတော နယ်မြေအဖြစ် သတ်မှတ်ပေး နိုင်ဖို့ တခြားအဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက် နေပါတယ်'' ဟု ရေပြန်တောင် ထိန်းသိမ်းရေး စိမ်းလန်းရွှေအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment