Pages

Thursday, July 7, 2016

ဘိုကလေးမြို့နယ် အတွင်းရှိ လယ်သမား ၃၀၀၀ ကျော် ပုံစံ(၇) မရသေးသဖြင့် မိုးစပါးစိုက်ပျိုးရန် အခက်တွေ့နေ



ဘိုကလေး ၊ ၇-၇-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ရှိ ကျေးရွာအုပ်စု ငါးစုမှ လယ်ယာမြေ ၄ဝ၉၃၈ ဧကအား လုပ်ကိုင်နေသော လယ်သမား ၃ဝဝဝ ကျော်သည် လက်ရှိတွင် ပုံစံ (၇) မရသေး သဖြင့် မိုးစပါး စတင် စိုက်ပျိုးရန် အခက်အခဲ တွေ့ကြုံ နေကြောင်း ဒေသခံများ ထံမှ သိရသည်။ အဆိုပါ လယ်မြေများသည် သစ်တောမြေမှ ပယ်ဖျက်ပြီး သည်မှာ တစ်နှစ်ကျော် ကြာသော်လည်း ပုံစံ (၇) မရသေးခြင်း ဖြစ်သည်။

''လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ရှိရင်တော့ စိုက်ပျိုးစရိတ်ကို ဘဏ်ကနေ အတိုး သက်သက် သာသာနဲ့ ချေးပြီး လုပ်လို့ ရပါမယ်'' ဟု ကဒုံကနိ ကျေးရွာ အုပ်စုမှ ဧက ၂ဝဝ ကျော် လယ်လုပ်ကိုင် နေသည့် ဦးအောင်ကျော်မြင့် က ပြောသည်။

အဆိုပါ လယ်မြေများသည် ကဒုံကနိ ကျေးရွာအုပ်စု၊ ဆတ်ကျွန်းကျေးရွာ အုပ်စု၊ သရော်ချောင်း ကျေးရွာအုပ်စု၊ ဧရာကျေးရွာ အုပ်စုနှင့် ချောင်းဗြဲကြီး ကျေးရွာအုပ်စု တို့မှ ဖြစ်ပြီး ပုံစံ (၇) မရသေး သဖြင့် ထွန်ယက်ခြင်းပင် လုပ်ကိုင်နိုင်ခြင်း မရှိသေးသော လယ်မြေများသည် ရေငန်ရေ ဝင်ရောက်မှု ကြောင့် သြဂုတ်လ နောက်ဆုံးထားကာ စိုက်ပျိုးရသည့် လယ်မြေများ ဖြစ်ကြောင်း၊ လယ်မြေ အားလုံးမှာ ငစိန်စပါး တစ်မျိုးတည်းသာ စိုက်ပျိုး အောင်မြင်သည့် လယ်မြေများ ဖြစ်ကြောင်း ဒေသခံ လယ်သမား များထံမှ သိရသည်။

''အဓိကကတော့ နယ်နိမိတ် ဖြတ်တာပါ။ ဒီဒေသက မြေပုံပေါ်မှာ အရမ်းစိမ်းစို နေလို့ စောပြီးဖြတ် လိုက်ရင် မှားပြီးဖြတ်မိမှာ စိုးလို့ ဖြစ်ပါတယ်။ ကန့်ကွက်လွှာ မရှိတဲ့သူတွေကို တစ်ဖြတ် ဖြတ်ပေးပါမယ်'' ဟု ဘိုကလေးမြို့နယ် မြေစာရင်းဦးစီးမှူး ဦးအေးဝင်းစိုး က ပြောသည်။

ထို့ပြင် ကျေးရွာအုပ်စု ငါးစုရှိ လယ်မြေ များမှာ မတ်လအတွင်းက လာရောက် တိုင်းတာပြီး ပုံစံ ၁၊ ပုံစံ ၂၊ ပုံစံ ၃ ထွက်ပြီးသား မြေများ ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သည် မြန်မာ တစ်နိုင်ငံလုံးမှ သစ်တောမြေဧက ငါးသိန်းကျော်ကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ပုံစံ (၇) ထုတ်ပေးရန် သတ်မှတ် ဆောင်ရွက်ခဲ့ရာ ဘိုကလေးမြို့နယ် မှာ ၁ဝ၉၇ဝ၆ ဧကဖြင့် အများဆုံးဖြစ်ပြီး လက်ရှိတွင် ၆၈၇၆၈ ဧကအား ပုံစံ (၇) ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment