Pages

Friday, July 22, 2016

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ၌ လျှောက်ထားသူများကို ဗဟိုသင်တန်းသား ရွေးချယ်ရေး ကော်မတီက စစ်ဆေးမှုပြုပြီးမှသာ တက်ရောက်ခွင့် ရမည်



စစ်ကိုင်း ၊ ၂၂-၇-၂၀၁၆

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ် တက်ရောက်ရန် လျှောက်ထားသူ များသည် ဗဟို သင်တန်းသား ရွေးချယ်ရေး ကော်မတီမှ ပဏာမ ရွေးချယ်ခံ ရပါက စိတ် အခြေအနေနှင့် ကျန်းမာရေး စစ်ဆေးမှု ခံယူရမည် ဖြစ်ကာ ကျန်းမာရေး ကောင်းမွန်မှသာ တက်ရောက်ရမည် ဖြစ်ကြောင်း ယင်း တက္ကသိုလ်မှ သိရသည်။

အဆိုပါ တက္ကသိုလ်သည် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ပညာရေးဘွဲ့ သင်တန်းအတွက် သွားလာရေး ခက်ခဲသည့် ဝေးလံသော ဒေသများရှိ သင်တန်းသား များအား ဦးစားပေး ရွေးချယ်မည် ဖြစ်ပြီး သင်တန်းဝင်ခွင့် အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်နှင့် ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တို့တွင် အောင်မြင်သူများ လျှောက်ထား နိုင်ပြီး သိပ္ပံနှင့် ဝိပ္ပံဘာသာတွဲ အတွက် ရမှတ် ၃၅ဝ၊ ဝိဇ္ဇာဘာသာတွဲ အတွက် ရမှတ် ၃ဝဝ နှင့်အထက် ရရှိသူများကို ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးဘွဲ့ (B.Ed) သင်တန်းသည် ပညာသင်နှစ် ငါးနှစ် တက်ရောက်ရမည် ဖြစ်ပြီး ဘွဲ့ရရှိပါက ပညာရေးဝန်ကြီး ဌာန၏ ဝန်ထမ်း လိုအပ်ချက် အပေါ် မူတည်၍ စေလွှတ်သည့် နေရာဒေသ များသို့ သွားရောက် တာဝန် ထမ်းဆောင် ရမည်ဖြစ်သည်။

လျှောက်ထားသူ များသည် မြန်မာနိုင်ငံ သား ဖြစ်ရမည် ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်တွင် အသက် ၁၉ နှစ်ထက် မကြီးဘဲ ကျန်းမာ၍ ရောဂါကင်းရှင်း ရမည်ဖြစ်ကာ ကိုယ်အင်္ဂါ ချို့တဲ့ခြင်း၊ စိတ်ချို့တဲ့ခြင်း၊ စကားမပီသခြင်း နှင့် စကားထစ်ခြင်းများ မရှိရဘဲ ဆရာအင်္ဂါရပ် အချက်အလက် တို့နှင့် ပြည့်စုံရမည် ဖြစ်သည့်အပြင် ယောက်ျားလျာ၊ မိန်းမလျာ မဖြစ်စေရဘဲ ကိုယ်အလေးချိန် ပေါင် ၂ဝဝ ထက်မကျော်သူ ဖြစ်ရမည်။ အားကစား ထူးချွန်သူများကို ဦးစားပေးမည် ဖြစ်သည်။

ဝင်ခွင့် လျှောက်လွှာနှင့် အတူ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် နှင့် အမှတ်စာရင်း (မူရင်း)၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်း၊ မြို့နယ်၊ ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး များမှ ထောက်ခံချက် များနှင့် မြို့နယ် ကျန်းမာရေး ဌာနမှ မြို့နယ်ဆရာဝန်၏ ကျန်းမာကြောင်း ဆေးထောက်ခံစာ တို့ဖြင့် တိုင်းဒေသကြီး နှင့်ပြည်နယ် ပညာရေးမှူးရုံး များသို့ သြဂုတ် ၃ ရက် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment