Pages

Thursday, July 28, 2016

တိုင်းရင်းသားများ လေ့လာရေးခရီးစဉ်သည် ပြည်ထောင်စုစိတ်ဓာတ် ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာ လာစေရန် ရည်ရွယ်ခြင်းဖြစ်



နေပြည်တော် ၊ ၂၈-၇-၂၀၁၆

နယ်စပ်ရေးရာ ဝန်ကြီးဌာန ရက် ၁ဝဝ စီမံကိန်းအရ နေပြည်တော် သို့ ဒုတိယအကြိမ် လေ့လာရေး ခရီး ရောက်ရှိ နေကြသော ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ မံစီမြို့နယ် နှင့် ပန်ဝါဒေသမှ ဂျိန်းဖော့၊ လာချိဒ်နှင့် လော်ဝေါ် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆို မြို့နယ် နှင့် ဖားဆောင်းမြို့နယ်တို့မှ ကယား၊ ကယန်း၊ ကယော၊ ကရင်နှင့် မနော တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ မွန်ပြည်နယ် ရေးမြို့နယ်နှင့် သံဖြူဇရပ် မြို့နယ်တို့မှ မွန်တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး၊ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်နှင့် မောင်တော မြို့နယ်တို့မှ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် နှင့် သက် တိုင်းရင်းသား၊ တိုင်းရင်းသူ ၂၅ ဦး စုစုပေါင်း တိုင်းရင်းသား၊ တိုင်းရင်းသူ ၁ဝဝ ဦးတို့သည် နေပြည်တော် အတွင်းရှိ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၊ တပ်မတော် စစ်သမိုင်းပြတိုက် တို့သို့ သွားရောက်လေ့လာ ခဲ့ကြပြီး မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးသို့ သွားရောက် ဖူးမြော်ခဲ့ ကြသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့များသည် ယမန်နေ့ နံနက်ပိုင်းတွင် အမျိုးသား အထိမ်းအမှတ် ဥယျာဉ်သို့ သွားရောက်၍ ဥယျာဉ်အတွင်းရှိ ရိုးရာအိမ်များ၊ အားကစား ကွင်းများအား လှည့်လည်ကြည့်ရှု လေ့လာသည်။ ထို့နောက် တပ်မတော် စစ်သမိုင်းပြတိုက် တွင် လေ့လာရာ တာဝန်ရှိ သူများက မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူ ယှဉ်တွဲ ပေါက်ဖွားလာသည့် တပ်မတော် သမိုင်းကို Video Projector ဖြင့် ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်းပြသ ထားသော ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ချက် မှတ်တမ်း ဓာတ်ပုံများ၊ တပ်မတော် စစ်ဆင်ရေး မှတ်တမ်း ဓာတ်ပုံများ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်သုံး ပစ္စည်းများ၊ ဗမာ့ ကာကွယ်ရေး တပ်မတော်သုံး လက်နက်များအား ကြည့်ရှု လေ့လာခဲ့ပြီး အမြောက်များ၊ သင်္ဘောများနှင့် လေယာဉ်များအား လှည့်လည် ကြည့်ရှု လေ့လာသည်။

ဆက်လက်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနသို့ ရောက်ရှိပြိး စုပေါင်းခန်းမ ၌ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ် က တိုင်းရင်းသား၊ တိုင်းရင်းသူ များနှင့် တွေ့ဆုံ ပြောကြားရာတွင် လေ့လာရေး ခရီးစဉ်၏ ရည်ရွယ်ချက် များမှာ တိုင်းရင်းသား အချင်းချင်း ရင်းနှီး ချစ်ကြည်စွာ အတူယှဉ်တွဲ နေထိုင်ရင်း တစ်ဦး၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို တစ်ဦးက လေ့လာသိရှိ ဖလှယ်ခွင့် ရရှိစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု များကို မျက်ဝါးထင်ထင် လေ့လာ တွေ့ရှိပြီး လေ့လာရေး ခရီးစဉ်က ရရှိသည့် အတွေ့အကြုံ ကောင်းများကို မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေး အတွက် ထိရောက်စွာ ပြန်လည် အသုံးချနိုင်ရန်၊ မိမိတို့ တိုင်းရင်းသား အားလုံးသည် ရှေးနှစ်ပေါင်း များစွာကပင် ပြည်ထောင်စုကြီး အတွင်း အေးအတူ ပူအမျှ မှီတင်း နေထိုင်လျက် ရှိကြသော တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည် ဟူသည့် ကောင်းမွန် မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာ လာစေရန် ဟူသည့် ရည်ရွယ်ချက် များပင် ဖြစ်ပါကြောင်း ပြောကြားသည်။

တိုင်းရင်းသား လေ့လာရေး အဖွဲ့များသည် ညနေပိုင်းတွင် မဟာသကျရံသီ ရုပ်ရှင်တော် မြတ်ကြီးသို့ ရောက်ရှိဖူးမြော် ကြည်ညိုကြပြီး တိုင်းရင်းသား အဖွဲ့များ အလိုက် အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ (၅ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment