Pages

Thursday, July 7, 2016

ချင်းရွှေဟော်ဒေသတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများ နှင့်အတူ မဟာဗျူဟာဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၇-၇-၂၀၁၆

မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ရေး စခန်းများအနက် ကုန်သွယ်မှု တတိယ အများဆုံး လမ်းကြောင်း ဖြစ်သည့် ကိုးကန့်ဒေသ ချင်းရွှေဟော် တွင် နယ်စပ် ကုန်သွယ်ရေး စခန်းနှင့်အတူ မဟာဗျူဟာ ဖွံ့ဖြိုးရေး စီမံကိန်း များကို အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့သည်။

ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းနှင့် ကပ်လျက်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချန်းနယ်စပ် စီးပွားရေး ပူးပေါင်းမှုဇုန်၊ မိန်းတိန် တရုတ်-မြန်မာ နယ်စပ် စီးပွားရေးဇုန် တို့နှင့် ထိစပ်နေသည့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတို့ကို ဒေသတွင်း ဖွံ့ဖြိုးရေးအပြင် တရုတ်- မြန်မာ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယ လေးနိုင်ငံ စီးပွားရေး လမ်းကြောင်း အဖြစ် တည်ဆောက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ချင်းရွှေဟော် နယ်စပ် စီးပွားရေးဇုန်၊ မိန်းတိန် တရုတ်- မြန်မာ နယ်စပ် စီးပွားရေးဇုန်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းတို့တွင် စက်ရုံများ တည်ဆောက်ပြီး ဆောက်လုပ်ရေး ပစ္စည်း၊ လူသုံးကုန် ပစ္စည်း၊ စားသောက်ကုန် ပစ္စည်းများ တင်ပို့နိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လမ်းကြောင်းတွင် တရုတ်-မြန်မာ နယ်စပ် ဆက်စပ် လမ်းမကြီး တည်ဆောက်ရန် ရည်ရွယ်ထားပြီး လမ်းအကျယ် ၄၃ မီတာနှင့် ၄ ဒသမ ၃ ကီလိုမီတာ အရှည်ရှိသည့် တရုတ်- မြန်မာ လမ်းမကြီးအား ပစိဖိတ်သမုဒ္ဒရာ သို့ ထွက်ပေါက် အဖြစ် ကူမင်း- လင်ချန်း- ချင်းရွှေဟော် မှတစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်လုပ် သွားရန် ရည်ရွယ် ထားကြောင်း သိရသည်။

အဆိုပါ လမ်းမကြီး တည်ဆောက် ရာတွင် ကွမ်းလုံ တံတားသစ် တည်ဆောက်ရေး လည်း ပါဝင်ပြီး ယခုနှစ်အတွင်း စတင် ဆောက်လုပ်မည် ဖြစ်ကာ ဆောက်လုပ်ချိန် တစ်နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် အပြိုင် ကျောက်ဖြူ-ကူမင်း ရထားလမ်း မှာလည်း အဆိုပါ လမ်းကြောင်း အနီးမှပင် ဖြတ်သန်းရန် ရည်ရွယ်ထားပြီး လက်ရှိတွင် လင်ချန်း- ချင်းရွှေဟော် လမ်းပိုင်းကို ဖောက်လုပ်လျက် ရှိရာ ၂ဝ၂ဝ ပြည့်နှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment