Pages

Sunday, July 31, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ပြီးဆုံး ၊ ဖြည့်စွက်ပြင်ဆင်ချက် များဖြင့် ဘုံသဘောထားများ ရယူစုစည်းနိုင်ခဲ့



မိုင်ဂျာယန် ၊ ၃၁-၇-၂၀၁၆

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ဇူလိုင် ၂၆ ရက် မှ ၃ဝ ရက်အထိ ငါးရက်တာ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး တွင် အဓိက ရည်ရွယ်ချက် နှစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းခြင်း နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက် ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်များ ရယူရေးတို့ကို အခြေခံ၍ အပြန်အလှန် ဆွေးနွေး ချက်များ၊ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက် များဖြင့် ဘုံသဘောထား များကို ရယူစုစည်း နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ပဉ္စမနေ့ အစည်းအဝေး ကိုနံနက် ၈ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး သဘာပတိ အဖြစ် KIO ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယမန်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် အလုပ်အဖွဲ့ အသီးသီးမှ ထပ်မံပြင်ဆင် ရေးသားထားသည့် စာတမ်းများအား တင်သွင်း ဆွေးနွေးခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ဆက်စပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များ ရေးဆွဲခြင်း၊ အစည်းအဝေး ထုတ်ပြန် ကြေညာချက်အား ဖတ်ကြား အတည်ပြုခြင်း တို့ကို ပြုလုပ်ခဲ့ ကြသည်။

ယမန်နေ့ အစည်းအဝေးကို ည ၇ နာရီတွင် ရုပ်သိမ်းခဲ့ပြီး အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် က ကျေးဇူးတင် စကား ပြောကြား၍ သဘာပတိက အခမ်းအနား ပိတ်သိမ်းသည့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနား အပြီးတွင် အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် ဦးဆောင်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment