Pages

Wednesday, July 27, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး စတင်ကျင်းပ


တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပစဉ် ၊ ဓာတ်ပုံ-ဖိုးထောင်

မိုင်ဂျာယန် ၊ ၂၇-၇-၂၀၁၆

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေးကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ် မိုင်ဂျာယန် ၌ စတင် ကျင်းပသည်။

အစည်းအဝေးနှင့် စပ်လျဉ်းသည့် ထုတ်ပြန်ချက် တစ်ရပ်၌ အစည်းအဝေး၏ တရားဝင် ခေါင်းစဉ်အမည် သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၏ မျက်နှာစုံညီ အစည်းအဝေး ဖြစ်ကြောင်း ဖော်ပြထားသည်။

အစည်းအဝေး သဘာပတိ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဦးအင်ဘန်လ က နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နှင့် မိမိတို့ UNFC ခေါင်းဆောင်များ လွန်ခဲ့သည့် အပတ် တွေ့ဆုံခဲ့စဉ် တွင်လည်း တိုက်ပွဲကိစ္စများ ဖြေရှင်းသွားရန် တင်ပြခဲ့ကြောင်း၊ ထို့ပြင် ၂၁ ရာစု ပင်လုံ ညီလာခံသည် ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အကြားတွင် ထားရှိခဲ့ကြသည့် နိုင်ငံရေး ပဋိညာဉ်ကို ဆက်လက် သယ်ဆောင်ပြီး ပြည်တွင်းစစ် ချုပ်ငြိမ်းရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရန် အတွက် အဖြေရှာနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲ အခင်းအကျင်း ဖြစ်ရန် လိုအပ်မည် ဖြစ်သည်ကို တိုက်တွန်းပြောဆို ခဲ့ပါကြောင်း။

မိမိတို့ တိုင်းရင်းသား  လက်နက်ကိုင်အဖွဲ့အစည်းများ၊ မိမိတို့နှင့် ဆက်စပ် ပတ်သက်နေသော တိုင်းရင်းသား ပြည်သူများ၊ လူမှု အဖွဲ့အစည်း များ၏ တည်ရှိမှုသည် ကာလဒေသ အပေါ်မူတည်ပြီး မတူကွဲပြားမှုများ ရှိနေပါကြောင်း၊ ယနေ့ ယခုအချိန်၏ နိုင်ငံရေး အခင်းအကျင်း တွင် မိမိတို့ တိုင်းရင်းသား များအကြား စုစည်း ညီညွတ်မှုရှိရန် လွန်စွာ အရေးကြီးသည့် အချိန်အခါ ဖြစ်ကြောင်း။

တစ်ဖက်တွင် အစိုးရဘက် ကလည်း နိုင်ငံရေး ပြဿနာများကို ဆွေးနွေး အဖြေရှာနိုင်မည့် အခင်းအကျင်းကို ဖော်ဆောင် နိုင်ရန်အတွက် ၂၁ ရာစု ပင်လုံ ညီလာခံကို ပြုလုပ်သွားမည့် အစီအစဉ် ရှိနေကြောင်း၊ တိုင်းရင်းသား များဘက် ကလည်း ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ပုံဖော်သွား နိုင်မည့် ဘုံသဘောထားများ သဘောတူ ချမှတ်သွား နိုင်ရန် လွန်စွာ အရေးကြီးကြောင်း၊ ယနေ့ မျက်နှာစုံညီ အစည်းအဝေးကြီး မှ အားလုံးလက်ခံ သဘောတူညီ နိုင်မည့် ဘုံသဘောထား ရပ်တည်ချက်များ သဘောတူ ချမှတ်သွား နိုင်လိမ့်မည်ဟု လည်း ယုံကြည်ကြောင်း၊ တစ်ဆက်တည်း တင်ပြလို သည်မှာ ယခု မျက်နှာစုံညီ အစည်းအဝေးမှ သဘော တူညီချက် များကို မည်သို့ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက် သွားကြမည် ဆိုသည့် အချက်ကိုလည်း အားလုံးဝိုင်းဝန်း အကြံပြု ဆွေးနွေးသွား စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူဦးရယ် က ဤ အစည်းအဝေး ကို အဓိက ရည်ရွယ်ချက် နှစ်ရပ်အပေါ် အခြေပြုပြီး ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပထမ ရည်ရွယ်ချက်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အတွက် အကြိုညှိနှိုင်းရေး ဖြစ်ပြီး ဒုတိယ ရည်ရွယ်ချက်မှာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ နိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် ရယူရေးတို့ပင် ဖြစ်ကြောင်း။

ယင်း ရည်ရွယ်ချက် နှစ်ရပ် ထမြောက် အောင်မြင်ရန် အတွက် ခေါင်းစဉ်လေးခု ကို အခြေခံပြီး ညှိနှိုင်းဆွေးနွေး အဖြေရှာရန် ကျင်းပရေး ကော်မတီ အနေဖြင့် ပြင်ဆင် ထားကြောင်း၊ ပထမ ခေါင်းစဉ်မှာ ပင်လုံလက်စွဲ စာတမ်း ဆွေးနွေး အတည်ပြုခြင်း၊ ဒုတိယမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေ များအတွက် အခြေခံမူများ၊ တတိယ ခေါင်းစဉ်မှာ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူ များနှင့် နောက်ဆုံး ခေါင်းစဉ်မှာ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် ပြင်ဆင်ရေးတို့ ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တက်ရောက် လာသူများ အနေဖြင့် အလေးအနက် ထားပြီး စိတ်ရှည် သည်းခံမှုနှင့် မေတ္တာ စေတနာ ရှေ့ထားပြီး အပြန်အလှန် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဖြင့် တင်ပြဆွေးနွေး ကြရန် မေတ္တာရပ်ခံ လိုကြောင်း ပြောကြားသည်။

ယင်းနောက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဗီးယား နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဌာန၏ အာရှရေးရာ အထူးသံတမန် Mr. Sun Guoxiang တို့က အမှာစကား ပြောကြား ကြသည်။

ယမန်နေ့ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးသို့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ၊ ချင်း အမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသား ဒီမိုကရေစီ အကျိုးပြု တပ်မတော် (DKBA) ၊ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့(KIO) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ KNU/KNLA (PC)၊ လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU)၊ မွန်ပြည်သစ်ပါတီ (KNPP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) (မိုင်းလား)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA/AA)၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)၊ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ၊ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် အဖွဲ့(UNA) ၊ ''ဝ'' အမျိုးသားအဖွဲ့ချုပ် (WNO) ၊ ပြည်ထောင်စု အင်စတီကျူ့ (PI) မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ENAC)တို့ တက်ရောက် ကြသည်။

ယမန်နေ့ အစည်းအဝေးသို့ TNLA (တအာင်း ပလောင်)၊ MNDAA (ကိုးကန့်)၊ NSCN-K (နာဂ)၊ UWSA ''ဝ'' တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း လေးဖွဲ့ တက်ရောက်ခြင်း မရှိကြောင်း သိရှိရသည်။

ရဲခေါင်ညွန့်

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment