Pages

Friday, June 17, 2016

မြေအိုးလုပ်ငန်း


ငါ့သရောက် ဒေသထွက် မြေအိုးများ ဈေးကွက်တင်ရန် ဧရာဝတီမြစ်ကမ်းနဘေး တစ်နေရာတွင် တွေ့ရစဉ်

ကျောက်မြောင်းတိုက်နယ် ၊ နွယ်ငြိမ်းရွာ ဒေသထွက် မြန်မာ့ စဥ့်ထည်များ ပုဂံဘုရားပွဲတစ်ခုတွင် တွေ့ရစဉ်

မြေအိုးလုပ်ငန်း

ဒေါက်တာချစ် ( ထပ်ဆင့်အမျိုးသားစာပေဆုရ )

မြန်မာနိုင်ငံ၌ မြေအိုးလုပ်ငန်း သည် အလွန် ရှေးကျသော်လည်း လိုအပ်ချက် အရ ယနေ့တိုင် လုပ်ကိုင်နေသော ကျေးလက် စီးပွားရေး လုပ်ငန်းတစ်ရပ် ဖြစ်သည်။ ကြေးခေတ်သုံး မြေအိုးများကို တွေ့ရသဖြင့် ရှေးကျသော လုပ်ငန်းဟု ခေါ်ရခြင်း ဖြစ်သည်။

မြေအိုးတွင် အိုးတုတ်ကြီး၊ အင်တုံ၊ ရေအိုး၊ ရေနွေးကရား၊ ထမင်းဟင်း ချက်အိုး၊ ညောင်ရေအိုး၊ ဆေးတံ၊ ဆေးလိပ်ပြာခွက်၊ ဆီမီးခွက်၊ ကလေး ကစားစရာ အိုးပုတ်၊ ဂျိုး(ချိုး)ရုပ်၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းရုပ်၊ ဒေါင်းရုပ် စသည်ဖြင့် ပုံစံ အမျိုးစုံ၊ အရွယ်စုံ ပါဝင်သည်။ မြေအိုး ကို အခြေခံပြီး စဥ့်ရည် သုတ်သော စဥ့်ထည်၊ ကြွေရည်သုတ်သော ကြွေထည်၊ ချိတ်ရည် သုတ်သော ချိတ်ထည် စသည်ဖြင့် နည်းပညာ တိုးတက်မှုအရ ထုတ်လုပ် ကြသည်။ မြေထည်နှင့် စဥ့်ထည်တို့သည် လက်မှု လုပ်ငန်းများ ဖြစ်သဖြင့် တိုင်းတစ်ပါးသား များက ပိုမိုစိတ်ဝင်စား ကြသည်။ မြန်မာနိုင်ငံ၌ ထင်ရှားသော ဒေသများမှာ အောက်အရပ်တွင် တွံတေး၊ အညာအရပ်တွင် ရွှေဘိုနယ် ကျောက်မြောင်း တို့ ဖြစ်ကြသည်။ တခြားသော ဒေသများ တွင်လည်း သူ့အရပ်နှင့် သူ အနည်းနှင့်အများ အိုးလုပ်ငန်းကို လုပ်ကိုင် ကြသည်။ အိုးလုပ်ရာဒေသ မတူသဖြင့် ပုံစံ၊ လုပ်နည်း၊ အခေါ်အဝေါ် များလည်း အနည်းငယ် ကွာခြားကြသည်။ သို့ရာတွင် အခြေခံ လုပ်နည်းများမှာ အတူတူပင် ဖြစ်သည်။

ယေဘုယျ အိုးလုပ်ပုံ ကတော့ မခက်ခဲ လှပါ။ သို့ရာတွင် လက်တွေ့ ကတော့ မလွယ်ကူ လှချေ။ မြေစေးနှင့် သဲဆန်သော မြေကို အမှုန့်ဖြစ်အောင် လုပ်ပြီး အချိုးကျ ရောနှော၍ တစ်ည ရေနူးအောင် နှပ်ထားရသည်။ ထိုမြေကို တချို့နေရာ၌ ကြိတ်ပေး ရသည်။ ခဲလုံး မပါရချေ။ တချို့နေရာ၌ လူက နင်းနယ်ပေး ရသည်။ တချို့က မောင်းနှင့်ဆန် ဖွပ် သကဲ့သို့ ထောင်းသည်။ ထိုမြေကို လုပ်မည့် အိုးတစ်လုံးစာ ရွှံ့တောင့် ဖြစ်အောင် လုပ်ရသည်။ 

ထို့နောက် အိုးထိန်းစက် ပျဉ်ပြားပေါ် ပြာမှုန့်များ ဖြူးပြီး တစ်လက်မ ခန့်ထုထူသော ''ကတာ'' ခေါ် အိုးလုပ်မည့် ရွှံ့စေးအဝိုင်းကို တင်ရသည်။ ထိုကတာ သည် အိုးလုပ်၍ ပြီးစီးသော အခါ အိုး၏ဖင်ပိုင်း ဖြစ်လာသည်။ ကတာပေါ် သို့ ရွှံ့တောင့်ကို ခွေ၍ချ နေစဉ် အိုးထိန်းစက် ကိုတခြား တစ်ယောက်က ဖြည်းညင်းစွာ လှည့်ပေးရသည်။ ကတာ သည် လုပ်လိုသည့် အိုးအရွယ်အစား အရ အကြီးအသေးဖြစ်သည်။ ကတာပေါ် ရွှံ့တောင့် အဝိုင်းလိုက် တင်ပြီးသော အခါ ဇောက်နက်သော ခွက်ပုံသဏ္ဌာန် ဖြစ်နေသည်။ ထို့နောက် အိုးထိန်းစက်ကို မြန်မြန်လှည့်ပြီး လက်နှစ်ဖက် ဖြင့်ပွတ်၍ အိုးပုံကြမ်း ရအောင် ဖော်ပေးရသည်။ ထို့နောက် အိုးလုပ်သူက လက်တစ်ဖက်က သံခွေ၊ ကျန် တစ်ဖက်က ယောက်ခွံ (ယောက်သွားအခွံ) ကိုကိုင်၍ အိုးကိုချော ပေးရသည်။ ထိုသို့အိုးကို ချောရာတွင် သံခွေနှင့် အိုးအပြင်ပိုင်း၊ ယောက်ခွံ နှင့် အိုးအတွင်းပိုင်း ကို ချောရသည်။ ပုံစံခွက်နှင့် မသွင်းဘဲ လက်နှင့် လုပ်သော်လည်း အတတ်ပညာ ကျွမ်းကျင်မှုကြောင့် တစ်ပုံစံတည်း၊ တစ်ရွယ်တည်း အိုးများကို ရရှိသည်။

ထို့နောက် အဝတ်စကို သုံးပြီး အိုးနှုတ် ခမ်းကို လုံးခြင်း၊ အတွန့်ဖော်ခြင်း များကို ပြုလုပ်သည်။ ထို့နောက် ဖင်လှီးတံဖြင့် အိုးထိန်းစက်မှ ပျဉ်ပြားနှင့် အိုးဖင်(ကတာ) တို့ကို ထိစပ်သော နေရာမှခြစ်ပြီး မလိုက်ပါက အိုးတစ်လုံး ရပြီဖြစ်သည်။ အိုးထိန်းပျဉ်ပေါ် ပြာဖြူးထား သဖြင့် မ, ယူရာတွင် လွယ်ကူသည်။ ၂၅ ဝင်(ဆီပိဿာ) အိုး၊ ၅ဝ ဝင်အိုး၊ ရာဝင်အိုး စသည့် အိုးကြီးများကို အထက်- အောက် တစ်ဝက်စီ ပြုလုပ်ပြီးမှ ဆက်ယူရသည်။ အလားတူပင် လက်ဖက်ရည်ကြမ်း အိုးဆိုလျှင် လက်ကိုင်ကိုင်း၊ နှုတ်သီးတို့ ကို သီးခြားစီ ပြုလုပ်ပြီး ဆက်ယူရသည်။ မတ်တတ်ထောင် သည့် တည့်အိုးများကို အချောကိုင် ရာ၌ သံခွေ မသုံးဘဲ မှည့်တံကို သုံးသည်။

အကြမ်းထည်အိုးများ ပြုလုပ်ပြီး စဥ့်ရည် မသုတ်ခင် နေပူတွင် လှန်းပေးရသည်။ စဥ့်ရည် မသုတ်သော အိုးများကို ''အနီထည်'' အိုးဟု ခေါ်သည်။ စဥ့်ရည်သုတ် လိုလျှင် ဘော်ဆိုင်း သတ္တုတွင်းမှ ရရှိသော ချော်ခဲများကို အမှုန့်ဖြစ်အောင် ထောင်းပြီး ရေနှင့် ဖျော်ရသည်။ အိုးပုံသွင်းပြီး နှစ်ရက်ခန့် အခြောက်ခံပြီးမှ ချော်ရည် (စဥ့်ရည်) သုတ်ရသည်။

စဥ့်ရည်သုတ်သော အိုးများကို လေဖိုနှင့် မီးဖုတ်လေ့ ရှိသည်။ တခြားအညွှန်း အိုးများကို မြေစိုက်ဖိုနှင့် မီးဖုတ်ရသည်။ ဖိုထဲမှာ ဖုတ်သောအခါ နှစ်ရက်ခန့် မီးပျော့ ပျော့ဖြင့် ဖုတ်(ကျပ်) ပေးရသည်။ မီးအပူခံ နိုင်အောင် ကျင့်သားရပြီ ဖြစ်၍ နောက်ထပ် နှစ်ရက်ကြာအောင် မီးပြင်းနှင့် ဖုတ်ရသည်။ ထိုသို့ မီးပြင်းတိုက်ပြီး နောက် ၁၂ နာရီခန့် နှပ်ထားရသည်။ ထို့နောက် မီးကို ကျောက်စရစ်များဖြင့် ဖုံးအုပ်လိုက်သဖြင့် ငြိမ်းသွားသော အခါ ဖိုထဲတွင် ခုနစ်ရက်ခန့် အအေးခံ ထားရသည်။ ထို့နောက် အိုးများကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ ''အညွှန်း'' အိုး ဆိုသည် မှာ သုံးပိဿာဝင် အိုးမှ တစ်ပိဿာဝင် အိုးအထိ ပလုံတုံခေါ် စကအိုး ကလေးများ ဖြစ်သည်။

မြေထည်နှင့် စဥ့်ထည်များကို ပုံစံကျကျ နှင့် သပ်သပ်ရပ်ရပ်လုပ် နိုင်လျှင် ပြည်တွင်း ဈေးကွက်အပြင် အနောက်နိုင်ငံများ ၏ ဈေးကွက်မှာပါ လက်မှုပညာ အထည်အဖြစ် ယခုထက် အရောင်းအဝယ် ပိုမို ဖြစ်ထွန်း လာနိုင်သည်။

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment