Pages

Monday, June 6, 2016

အခြေခံပညာကျောင်းများ၌ ယခုနှစ်မှစတင်၍ လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြု



ရန်ကုန် ၊ ၆-၆-၂၀၁၆

အခြေခံပညာ ကျောင်းများ၌ ယခုနှစ်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများကို လက်ကိုင်ဖုန်းများ ယူဆောင်ခွင့် မပြု တော့ကြောင်း သိရသည်။

စာသင်ကျောင်း များ၌ ကျောင်းသား၊ ကျောင်းသူ အများစုမှာ လက်ကိုင်ဖုန်း များဖြင့် လူမှုကွန်ရက် အသုံးပြုခြင်း နှင့် ဂိမ်းကစားခြင်း စသည်တို့ကို ပြုလုပ်မှု များပြား လာသည့် အတွက် တားမြစ်ရခြင်း ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ဖုန်းများလုံးဝ အသုံးမပြုရဘဲ တွေ့ရှိပါက ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် စည်းကမ်း ထုတ်ပြန် ထားကြောင်း သိရသည်။

''ကျောင်းအပ်ရာသီ ရောက်ပြီ ဆိုတာနဲ့ ကျောင်းစည်းကမ်း တွေကို ကပ်ထားတယ်။ ဒီနှစ်မှာတော့ လက်ကိုင်ဖုန်းနဲ့ ပတ်သက်ပြီး ကျောင်းအပ်တဲ့ မိဘတွေ ကိုလည်း ပြောပြီးသားပါ။ နောက်တစ်ခု ကတော့ mp3, mp4 ကိုလည်း ယူဆောင်ခွင့် မပြုပါဘူး'' ဟု တပ်ကုန်းမြို့နယ် ရှိ အ-ထ-က(၂) မှ အတန်းပိုင် ဆရာမ ဒေါ်ဝေဝေဖြိုး က ပြောသည်။

ယခုနှစ်အတွင်း ကျောင်းတက် နေသည့် ကျောင်းသား၊ ကျောင်းသူ များအား သက်ဆိုင်ရာ ကျောင်းများက ဖုန်းများ ယူဆောင်လာခြင်း  မပြုရန် မှာကြား ထားကြောင်း သိရသည်။

''အရင်နှစ်တွေ ကတော့ ဖုန်းကို ထည့်ပေး ပါတယ်။ ဒီနှစ်တော့ ကျောင်းက ဖုန်းယူလာလို့ မရဘူး ပြောပါတယ်။ တစ်ခုခုဖြစ်ရင် အတန်းပိုင် ဆရာမနဲ့ ကျောင်းရုံးဖုန်း နံပါတ်တွေ ပေးထားပါတယ်'' ဟု ဗဟန်းမြို့နယ်မှ
ဒေါ်မော်မော်ဦး က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အခြေခံပညာ ကျောင်းများ၌ တက်ရောက် သင်ကြားနေသည့် မူလတန်းအဆင့် ကျောင်းသား ၅ ဒသမ ၇ သန်း၊ အလယ်တန်း အဆင့် ကျောင်းသား ၂ ဒသမ ၈ သန်းနှင့် အထက် တန်းအဆင့် ကျောင်းသား ရှစ်သိန်းကျော် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန ၏ စာရင်းများ အရ သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment