Pages

Thursday, June 23, 2016

နံနက်ခင်းမူးဝေအော့အန်မှု အတွက် ချင်းစိမ်း ကိုအသုံးပြုနိုင်



နံနက်ခင်းတွင် မူးဝေအော့အန် တတ်သော အမျိုးသမီးများ အနေဖြင့် ချင်းစိမ်း ကိုလိုအပ်သလို စားပေးခြင်း သို့ မဟုတ် လက်ကောက်ဝတ် ကို ဆုပ်နယ် ပေးခြင်းဖြင့် သက်သာရာ ရရှိနိုင်ကြောင်း UK ရှိ သားဖွားမီးယပ် ကောလိပ် RCOG မှ သုတေသီများက ပြောသည်။ 

RCOG က အကြံပေး ထားတဲ့အတိုင်း ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးတွေဟာ မနက်ပိုင်းမှာ မူးဝေအော့အန် တတ်ကြ ပါတယ်။ ဒါဟာ ခံရခက်တဲ့ ဝေဒနာပါပဲ။ ချင်းစိမ်း ကိုစားပေးတာ၊ လက်ကောက်ဝတ် ကို ဆုပ်နယ်ပေးတာက သက်သာစေတယ် ဆိုပေမယ့် သိပ်ဆိုးဝါး နေတယ် ဆိုရင်တော့ ဆေးထိုး၊ ဆေးစားဖို့ လိုပါလိမ့်မယ် ဟု UK အမျိုးသား ကျန်းမာရေးဌာနမှ လေ့လာ စောင့်ကြည့် သူများက ပြောပြသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတို့ ၏ ၈၀ ရာခိုင်နှုန်းထက် မနည်းသည် မနက်ပိုင်း၌ မူးဝေအော့အန် တတ်ကြကြောင်း၊ ကိုယ်ဝန် ၄-လ ရှိသည်အထိ ယင်းဝေဒနာကို ခံစားရလေ့ ရှိကြောင်း၊ အချို့ အမျိုးသမီး များတွင် မနက်ပိုင်းတွင် သာမက တစ်နေကုန် မူးဝေ နေတတ်ခြင်း လည်း ရှိကြောင်း၊ ယင်းကဲ့သို့  ကိုယ်ဝန်ဆောင် အမျိုးသမီးများ မူးဝေအော့အန် ခြင်းသည် ကျန်းမာရေး ရှုထောင့်မှကြည့်လျင် အရေးကြီးသော ကိစ္စဖြစ်ပြီး မကုသ၊ မစောင့်ရှောက်ဘဲ ထားရှိရမည် မဟုတ်ကြောင်း၊ သို့ သော် မိသားစုဝင်များ နှင့်အတူ ကိုယ်ဝန်ဆောင် အမျိုးသမီး ကိုယ်၌က ကိုယ်ဝန်ရှိလျှင် ဖြစ်တတ်သည့် ပုံမှန်အခြေအနေ တစ်ခုဟု ယူဆကာ နံနက်ခင်း မူးဝေ အော့အန်ခြင်းကို ရှူဆေးရှူခြင်း၊ လိမ္မော်သီး စားခြင်း အစရှိသည့် နည်းများဖြင့်သာ ဖြေဖျောက်ရန် ကြိုးစားကြလေ့ ရှိကြောင်း သုတေသီတစ်ဦး က ဆိုသည်။ 

" မူးဝေအော့အန်မှု ဘယ်လောက် ပြင်းထန်သလဲ ဆိုတာကို လေ့လာဖို့ လိုအပ်ပါတယ်။ အနည်းအကျဉ်းပဲ ဆိုရင် အိမ်သုံးဆေးမြီးတို တွေလောက်နဲ့ အဆင်ပြေမှာပါ။ ဆိုးရွားရင်တော့ ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးမထိုးချင်၊ ဆေးမသောက်ချင် သူတွေအနေနဲ့  မနက်ပိုင်းမှာ ချင်းစိမ်း တစ်ဖတ်လောက် ၀ါးစားပေး နိုင်ပါတယ်။ ဒါ့အပြင် လက် ကောက်ဝတ်ကို တစ်ခုခုနဲ့ ပတ်ချည်ထား နိုင်ပါတယ်။ လက်ကောက်ဝတ် ကို ဖိပေးထားတဲ့ အတွက် မူးဝေ အော့အန်ခြင်း သက်သာ ပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ UK တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ စားသုံးရန် ချင်းစိမ်း ဘီစကစ် ကိုပင် ထုတ်လုပ်ရောင်းချ လာပြီ ဖြစ်ကြောင်း၊ သို့ သော် အစားအစာနှင့် ဆေးဝါး ကြီးကြပ်ရေးဌာန  FDA ၏ တရားဝင် ခွင့်ပြုချက်ကို မရရှိသေးကြောင်း၊ ချင်းစိမ်းစားခြင်း၊ ချင်းစိမ်း ဘီစကစ် စားခြင်း၊ လက်ကောက်ဝတ် ကို ဖိပေးထားခြင်း တို့ ပြုလုပ် သော်လည်း မူးဝေ အော့အန်မှု မသက်သာလျှင် နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့်  ပြသကုသရန် လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment