Pages

Wednesday, June 22, 2016

ခြေဗလာလမ်းလျှောက်ခြင်း ရဲ့ ကောင်းကျိုးများ


ခြေဗလာလမ်းလျှောက်ခြင်း ရဲ့ ကောင်းကျိုးများ

ပေါက်ပေါက်

ကျောက်စရစ် ခဲလုံးလေးတွေ ပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက် နေတာကို မြင်ဖူးကြမှာပါ။ မြေပြန့်ပေါ်မှာ လမ်းမလျှောက်ဘဲ ဘာကြောင့် ဖိနပ်ချွတ်ပြီး ကျောက်စရစ် ခဲလုံးလေးတွေ ပေါ် လမ်းလျှောက် နေတယ်ဆိုတာ ဖော်ပြလိုက်ရ ပါတယ်။

အမေရိကန်နိုင်ငံမှာ သွေးတိုးရောဂါ ရှိသူ သက်ကြီးရွယ်အို တွေကို ရက်သတ္တပတ်လျှင် သုံးနာရီကြာမျှ ကျောက်စရစ်ခဲ တွေပေါ်မှာ ခြေဗလာနဲ့ လေးလတိတိ လမ်းလျှောက်စေတဲ့ အခါ သိသိသာသာ သွေးတိုးကျ သွားပါတယ်။ 

သွေးတိုးရောဂါ သည်တွေ အဲဒီလို လျှောက်ပေးခြင်းက မြေပြင်ညီပေါ်မှာ ဖိနပ်စီးပြီး ပုံမှန် လမ်းလျှောက်ခြင်း ထက် ကောင်းကျိုး ပိုမိုဖြစ်စေ တယ်လို့ ၂ဝဝ၅ ခုနှစ်ထုတ် The American Geriatrics Society (အမေရိကန် သက်ကြီးရွယ်အို လူ့ဘောင်အဖွဲ့) ဂျာနယ်တစ်စောင်မှာ ဖော်ပြထား ပါတယ်။

အာရုံစူးစိုက်ပြီး ခြေလှမ်းတိုင်းကို ဖြည်းဖြည်းနဲ့ မှန်မှန် လှမ်းလျှောက် ရခြင်းကြောင့် သက်ကြီးပိုင်း ဆိုင်ရာ အသိအာရုံ ကောင်းမွန်တိုးတက် လာစေပါတယ်။

သဘာဝပထဝီ မြေကြီးဓာတ်ရဲ့ ထူးခြားတဲ့ အကျိုးအာနိသင် တွေဟာ သတ္တဝါတွေ အတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကောင်းကျိုးပြု ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျခြင်း နဲ့ စိတ်ပူပင် သောကတွေကို အလိုအလျောက် ပြေလျော့သွား စေပါတယ်။

ခြေဖဝါးဟာ ခန္ဓာကိုယ် အစိတ်အပိုင်း တွေရဲ့ အကြောစုံ ဖြစ်သလို ခန္ဓာကိုယ်တွင်း ကလီစာ တွေနဲ့လည်း ဆက်နွှယ်နေလို့ ခြေဖဝါး  နှိပ်နယ်ကုသမှု ခံယူနေကြခြင်း ဖြစ်ပါတယ်။ ယခုလို ကျောက်စရစ် ခဲတုံးလေးတွေ ပေါ် ခြေဗလာနဲ့ လမ်းလျှောက်ခြင်း က လက်နဲ့နှိပ်နယ် ခံရသလိုပဲ အကျိုးအာနိသင် ရှိစေပါတယ်။

ကျောက်စရစ်ခဲ တွေပေါ် ခြေကြွ လှမ်းလျှောက်တဲ့ အတွက် ခြေဖနောင့်၊ ခြေဖဝါးအလယ်၊ ခြေချောင်း၊ ခြေဖဝါး တစ်ပြင်လုံး သွေးလည်ပတ်မှု ကောင်းစေပြီး ခြေဖဝါး ကြွက်သားတွေကို ကျန်းမာကြံ့ခိုင် လာစေပါတယ်။

ခြေဖဝါးကို ဟန်ချက်ညီညီ ကျောက်စရစ်ခဲ ပေါ်ထိန်းပြီး ကိုယ်ကို မတ်မတ်ထားကာ ခြေဆန့် လမ်းလျှောက်ခြင်း ကြောင့် ကြွက်သားနှင့် အရိုးစပ်ကြား မှာရှိတဲ့ အရွတ်ကြောလုံး တွေ၊ ခြေတစ်ချောင်း စီရဲ့အရိုးတွေကို 

ဆက်သွယ်ထားတဲ့ အရွတ်ပြား တွေနဲ့ အရိုးအဆစ် အဆက်တွေကို ကျန်းမာကြံ့ခိုင် စေတဲ့အပြင် ဒူးနာ၊ ခါးနာ တို့ကိုပါ ပျောက်ကင်းစေလို့ ခြေထောက် ယောဂကျင့်စဉ် အထူး လုပ်နေစရာ မလိုတော့ပါဘူး။ နှစ်ခြိုက်စွာ အိပ်မောကျ စေလို့ နာတာရှည် အိပ်မပျော်သူ တွေအတွက် အကောင်းဆုံး ကုထုံးဖြစ်ပါတယ်။

ကမ္ဘာပထဝီ မြေကြီးရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကျောက်စရစ် ခဲပေါ် ခြေဗလာ လမ်းလျှောက် ခြင်းဖြင့် ခြေဖဝါး အပူဓာတ်တွေ ခန္ဓာကိုယ်ထဲ စီးဝင်လာပြီး အဆိပ် အတောက် ပြေစေခြင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာ တွေကို သက်သာစေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေခြင်း စသည်ဖြင့် ကောင်းကျိုးတွေ ခံစားရစေ ပါတယ်။ ရေစွတ်စိုတဲ့ သဲသောင်ပြင် ပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်း ကလည်း ကျန်းမာရေး အကျိုးကျေးဇူး တွေကို ရနိုင်ပါတယ်။

နေခြည် နုနုအောက်မှာ လေကောင်း လေသန့် ရှူရှိုက်ရင်း ကျောက်စရစ်ခဲ လမ်းကလေးပေါ် ဖြည်းဖြည်း မှန်မှန် လမ်းလျှောက်ပြီး ဘုရားစာ ရွတ်ဖတ်ခြင်း၊ တရား ရှုမှတ်ခြင်း ဒါမှမဟုတ် သီချင်း သီဆိုခြင်းဖြင့် လူးလာ တုံ့ခေါက် လျှောက်ခြင်းက စိတ်နှလုံး အေးချမ်းစေတဲ့ ပျော်ရွှင် ဖွယ်ရာ အားကစား လေ့ကျင့်ခန်း လေးပါပဲ။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment