Pages

Tuesday, June 21, 2016

ပဲခူးတိုင်းဒေသကြီး အတွင်း၌ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်း ၁၇ ကျောင်း တိုးချဲ့ဖွင့်လှစ်



ပဲခူး ၊ ၂၁-၆-၂၀၁၆

ပဲခူးတိုင်းဒေသကြီး အတွင်း၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တွင် ကိုယ်ပိုင်ကျောင်း ၁၇ ကျောင်း တိုးချဲ့ဖွင့်လှစ်ခဲ့ သဖြင့် ကိုယ်ပိုင်ကျောင်း စုစုပေါင်း ၄၂ ကျောင်းအထိ ရှိလာကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

''အရင်နှစ် ကတော့ ကိုယ်ပိုင်ကျောင်း ၂၅ ကျောင်းပဲ ရှိခဲ့ပါတယ်။ ကိုယ်ပိုင်ကျောင်း လျှောက်ထားသူ တွေဟာ နိုင်ငံတော်က သတ်မှတ် ပေးထားတဲ့ ကိုယ်ပိုင်ကျောင်း ဥပဒေအတိုင်း လိုက်နာဆောင်ရွက် မှုရှိ၊ မရှိ လိုက်လံ စစ်ဆေးရပါတယ်'' ဟု ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း က ပြောသည်။

ပဲခူးတိုင်းဒေသကြီး ရှိ မြို့နယ် ၂၈ မြို့နယ်၌ ကိုယ်ပိုင် အထက်တန်းကျောင်း ၁၃ ကျောင်း၊ ထပ်ဆင့်သင်ကျောင်း (ဒသမတန်းနှင့် နဝမတန်း) ၂၇ ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်း တစ်ကျောင်း စုစုပေါင်း ကိုယ်ပိုင်ကျောင်း ၄၂ ကျောင်းအထိ ဖွင့်လှစ် ထားကြောင်း သိရသည်။

နိုင်ငံတော်က အခြေခံ ပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်း ဟု သုံးမျိုးခွင့်ပြု ပေးထားပြီး ကိုယ်ပိုင်ကျောင်း များအနေဖြင့် ကျောင်းသား အချိုးနှင့် ဆရာအချိုး ညီမျှမှုအပြင် ဘက်စုံ သင်ပေးသည့် ပညာရေးစနစ် ဖြစ်စေလိုသဖြင့် ဥပဒေ နှင့် မညီညွတ်ပါက ပိတ်သိမ်း သွားမည် ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း ထံမှ သိရသည်။

ကိုယ်ပိုင်ကျောင်း များ၌ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် တန်းခွဲ အဆင့်အလိုက် ခရိုင်အဆင့် မေးခွန်းများ၊ တိုင်းအဆင့် မေးခွန်းများ၊ သက်ဆိုင်ရာ မြို့နယ်များ၏ မေးခွန်းများကို ဖြေဆိုရမည် ဖြစ်ပြီး ဒသမတန်းတွင် သက်ဆိုင်ရာ စာစစ်ဌာနများ၌ အစိုးရစစ် မေးခွန်းများကို ဖြေဆို ရမည်ဖြစ်သည်။ 

ကိုယ်ပိုင်ကျောင်း များကို စမ်းသပ်ကာလ တစ်နှစ်နှင့် ယာယီသက်တမ်း ကာလနှစ်နှစ် တို့တွင် သတ်မှတ် စည်းကမ်းအတိုင်း လိုက်နာသင်ကြား မှသာ ရေရှည် သင်ကြားခွင့် ရရှိမည် ဖြစ်ကြောင်း ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment