Pages

Monday, June 6, 2016

မုဒုံမြို့နယ်၌ ၀ါးမျိုးစိတ်များ ပြသမည့် စင်တာတစ်ခု တည်ဆောက်သွားမည်


နိုင်ငံတကာရှိ ၀ါးမျိုးစိတ်စင်တာတစ်ခုကို တွေ့ရစဉ်

မုဒုံ ၊ ၆-၆-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ဝါးမျိုးစိတ်များ စုစည်းပြသ နိုင်မည့် စင်တာတစ်ခုကို မွန်ပြည်နယ် မုဒုံမြို့နယ်၌ တည်ဆောက်သွားရန် လျာထားကြောင်း ယမန်နေ့က ရန်ကုန်မြို့ ယုဒသန်ခန်းမ၌ ကျင်းပခဲ့သော မြန်မာဝါးချစ်သူများ ကွန်ရက် တတိယ အကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးမှ သိရသည်။

အဆိုပါ စင်တာကို မြန်မာ ဝါးချစ်သူများ ကွန်ရက်နှင့်အတူ ရွှေဇန က စိုက်ပျိုးစီးပွား လုပ်ငန်းစု၊ မြန်မာနိုင်ငံ ကြိမ်ဝါးအသင်း တို့ဖြင့် ချိတ်ဆက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်တာပြုလုပ်ရန် မြေဧက ၃ဝဝဝဝ နီးပါးခန့် ရယူပြီး ယခုနှစ်အတွင်း ဖွင့်လှစ် သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

''မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ ဝါးမျိုးစိတ်တွေကို တစ်နေရာတည်းမှာ စုစုစည်းစည်း ပြသနိုင်ဖို့နဲ့ နည်းပညာတွေ၊ သင်တန်းတွေ ဖြန့်ဝေနိုင်အောင် စင်တာတစ်ခု တည်ဆောက်ဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။ အဲဒီလို ဖွင့်လှစ်သွား နိုင်ဖို့အတွက် လည်း ရွှေဇနက စိုက်ပျိုးစီးပွား လုပ်ငန်းစုနဲ့ မြန်မာ ဝါးချစ်သူများ ကွန်ရက်တို့ အကြိမ်ကြိမ် ဆွေးနွေးမှုတွေ လုပ်ဆောင် နေပါတယ်'' ဟု မြန်မာ ဝါးချစ်သူများ ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင် က ပြောသည်။

မွန်ပြည်နယ်သည် ဝါးစိုက်ပျိုးမှု များပြီး ရေခံမြေခံ ကောင်းခြင်းကြောင့် ဝါးမျိုးစိတ်များ ပြသမည့်စင်တာ တစ်ခု တည်ဆောက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ ဝါးမျိုးစိတ် ၁ဝဝ ကျော် ရှိသော်လည်း အဆိုပါ မျိုးစိတ်များမှ
စီးပွားဖြစ်နိုင်မည့် ဝါးမျိုးများကို ပိုမို စိုက်ပျိုးပါက ဈေးကွက် ရှိလာမည် ဖြစ်သောကြောင့် ထိုသို့ လုပ်ဆောင် သွားရန်လည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment