Pages

Wednesday, June 8, 2016

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ၌ ရေပျော်ဆလုံမျိုးနွယ်စု တို့၏ နေထိုင်မှုဘ၀ပြကွက်သစ် ပြသနိုင်ရန်စီစဉ်



ရန်ကုန် ၊ ၈-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ရှိ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာအတွင်း ပျောက်ကွယ်လု နီးပါး ရှိနေသည့် တိုင်းရင်းသား မျိုးနွယ်စု များအား ပြသနိုင်မည့် ပြကွက်များ ထပ်မံတိုးမြှင့် ပြသနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားချက် ဖြင့် စီစဉ်မှုများ ရှိနေကြောင်း သိရသည်။

ပျောက်ကွယ်လု နီးပါး ရှိနေသော တိုင်းရင်းသား မျိုးနွယ်စု များ၏ ပြကွက်များအား ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာအတွင်း ပြကွက်အသစ် များအဖြစ် ထပ်မံတိုးချဲ့ ပြသ သွားမည်ဖြစ်ရာ လက်ရှိတွင် ပထမဆုံး အနေဖြင့် ဆလုံရိုးရာ ပြကွက်များအား ပြသရန် စီစဉ်နေကြောင်း သိရသည်။

ဆလုံပြကွက်ကို တိုင်းရင်းသား ကျေးရွာအတွင်း ရေပန်းကန်ဟု ခေါ်ဆိုသော နေရာ၌ တည်ဆောက် သွားမည်ဖြစ်ကာ ကန်အလယ် အတွင်း ဆလုံရိုးရာ မှတ်တမ်း ရုပ်ရှင်များ နှင့် ရိုးရာဓလေ့ မှတ်တမ်း ဓာတ်ပုံများ ပြသရန် အဆောက်အအုံ ပုံစံငယ် တစ်ခုကို တည်ဆောက်ကာ ရေကန်အတွင်း၌ ဆလုံသစ်ထွင်း လှေငယ်များနှင့် ရုပ်တု ပြကွက်များ ပြသရန် လျာထားကြောင်း သိရသည်။

ထို့ပြင် ပေ ၃ဝ နှင့် ပေ ၂ဝ ပတ်လည် အကျယ်ရှိသော နေရာအတွင်း ရိုးရာ အသုံးအဆောင် ပစ္စည်းများ၊ ဆလုံအမျိုးသား ရုပ်တု၊ ငါးမှိန်းထိုးနေပုံ ရုပ်တု၊ ကင်းမွန် မျှားထွက်နေပုံ၊ ခရင်းကောင်ခွာ နေပုံရုပ်တု နှင့် ဆလုံလူမျိုးတို့ ရေပေါ်တွင် နေထိုင်သည့် လှေပုံစံငယ် များအား ပြသပေး သွားမည် ဖြစ်သည်။

''ဆလုံပြကွက်နဲ့ ပတ်သက်ပြီး ဧပြီ ၂၄ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး က တိုင်းရင်းသားကျေးရွာကို လာရောက်တဲ့ ခရီးစဉ်မှာ လမ်းညွှန်ချက် ပေးသွားတာပါ။ တိမ်မြုပ် ပျောက်ကွယ်လု နီးပါးဖြစ်နေတဲ့ တိုင်းရင်းသား တွေကို ပြသဖို့ ဖော်ထုတ်ပေးပါ ဆိုပြီး ညွှန်ကြားခြင်း ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ဆလုံဒေသကို တိုက်ရိုက် သွားရောက်ပြီး လေ့လာခဲ့ ပါတယ်။ အဲဒီလေ့လာ တဲ့ စာတမ်း၊ ဆလုံဒေသကို သွားရောက် ခဲ့တဲ့ မှတ်တမ်းနဲ့ အသုံးအဆောင် ဓာတ်ပုံ ပစ္စည်းတွေကို ဌာနကို ပြန်တင်ပြပြီး လိုအပ်ချက် ရှိတာတွေ ဖြည့်စွက် လုပ်ဆောင်နေ ပါတယ်'' ဟု တိုင်းရင်းသား ကျေးရွာ အုပ်ချုပ်ရေးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိုးအောင်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment