Pages

Thursday, June 2, 2016

တရုတ်ကိုကျော်ပြီး ကမ္ဘာ့အမြန်ဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာသည့် အိန္ဒိယ


India Will Have The World’s Fastest Growing Economy In 2016, World Bank Says India Will Beat China

( ရှိန်းထက် )

တရုတ်၏ စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းကျော်မှ ပြန်လည်ကျဆင်း ခဲ့ရာ ၇ ရာခိုင်နှုန်း အထိပင် ထိန်းမထားနိုင်သည့် အချိန်တွင် အိန္ဒိယက ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလ စီးပွားရေး စာရင်းရှင်းတမ်း တွင် GDP ၇ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက် လာခဲ့သည်။ ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ၏ ကြိုတင် ခန့်မှန်းထားချက် ၇ ဒသမ ၅ ရာခိုင်နှုန်း ရှိရာမှ သုည ဒသမ ၁ ရာခိုင်နှုန်း ကျော်ထိ မြင့်တက် သွားခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၏ စီးပွားရေး တိုးတက်မှုနှုန်းကို လူတိုင်းက အံ့အားသင့် ခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စာရင်းတွင် အိန္ဒိယသည် တရုတ်ကို ကျော်ပြီး ပထမနေရာ ကို ယူထားခဲ့ကာ ၂ဝ၂ဝ ပြည့်နှစ်တွင် အိန္ဒိယ စီးပွားရေးသည် ကမ္ဘာအဆင့် (၃)အထိ ဖြစ်မည်ဟု IMF ကဆိုသည်။ ယခုအိန္ဒိယ၏ စီးပွားရေးသည် ကမ္ဘာ့အဆင့် (၇) နေရာတွင် ရှိနေပြီး လေးနှစ်တာ ကာလ တစ်ခုတည်းနှင့် ရှေ့တွင် ရှိနေသော ကမ္ဘာ့စီးပွားရေး အင်အားကြီး လေးနိုင်ငံကို ကျော်ဖြတ်မည် ဖြစ်သည်။


ကမ္ဘာ ပေါ်တွင် IT ကဏ္ဍ ဖွံ့ဖြိုးမှု အမြန်ဆုံး တိုးတက်လာခြင်း နှင့်အတူ စီးပွားရေး ဖွံ့ဖြိုးမှုပါ အတူလိုက်ပါ လာခဲ့သော အိန္ဒိယ သည် နှစ်စဉ် အင်တာနက် သုံးစွဲသူဦးရေ ၃၉ ရာခိုင်နှုန်း အထိ တိုးတက်လျက် ရှိသည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ အထိ အိန္ဒိယ၏ အင်တာနက် သုံးစွဲသူဦးရေ ၃၅၄ သန်းသာ ရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ် မေလအထိ အိန္ဒိယ၏ အင်တာနက် သုံးစွဲသူဦးရေ သည် ၄၆၅ သန်းအထိ တိုးတက် လာခဲ့သည်။

ယခု တိုးတက်မှုနှုန်း ကိုသာ ပုံမှန်အတိုင်း အိန္ဒိယတို့ ထိန်းထားနိုင်လျှင် ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အင်တာနက် ဝန်ဆောင်မှုများမှ သီးသန့်ရရှိသည့် အိန္ဒိယ၏ GDP သည် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ အထိ ရှိမည်ဖြစ်သည်။ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၏ အုပ်ချုပ်မှုပုံစံသစ် အောက်တွင် အိန္ဒိယသည် ကမ္ဘာ့ စီးပွားရေး နှေးကွေးလေးလံ နေသည့်အချိန်၌ အိန္ဒိယတို့ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အမြန်ဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

မိုဒီ ၏ စီးပွားရေးမူဝါဒ များသည် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ၏ မူဝါဒများနှင့် မတူဘဲ ၂ဝ၁၄ ခုနှစ်တွင် မိုဒီ ဝန်ကြီးချုပ် စဖြစ် ကတည်းက အိန္ဒိယ၏ စီးပွားရေးကို ကမ္ဘာအနှံ့ခြေဆန့် နိုင်ရန်ကြိုးစား ခဲ့သည်။ See East and Act East ဟုခေါ်သော အရှေ့ဘက်ကြည့် စီးပွားရေးမူဝါဒ များနှင့် မိုဒီနှင့် အဆင်မပြေမှုများ ရှိခဲ့သော အနောက်အုပ်စု ကို အလိုက်သင့် အဆင်ပြေအောင် ဆက်ဆံခဲ့သည်။

အမေရိကန် ဦးဆောင်သော အနောက်အုပ်စု၏ ဘာသာရေး အစွန်းရောက်သူ အဖြစ် ဝေဖန်မှုများကို မိုဒီ က လျစ်လျူရှုခဲ့သည်။ ထို့ပြင် မိုဒီ သည် အမေရိကန် အထိပင် သွားရောက်ပြီး ချစ်ကြည်ရေး လမ်းဖောက် ခဲ့သည်။ 

ယခုအခါ မိုဒီ ကို အတိတ်က အမြင်မကြည် ခဲ့သော အနောက်အုပ်စု ကိုလည်း အမြင်ကြည်အောင် မိုဒီ က ပြောင်းလဲပစ်နိုင် ခဲ့သည်။ အစိမ်းရောင် စွမ်းအင်ကဏ္ဍ ကိုလည်း ကမ္ဘာ့ရှေ့ဆောင် စံပြနိုင်ငံတစ်ခု ဖြစ်အောင် အမေရိကန်နှင့် ရင်ပေါင်တန်း ဆောင်ရွက် နေသည်။ ထိုအဆင်ပြေမှု များက အိန္ဒိယနိုင်ငံ အတွင်းသို့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးများကို အလုံးအရင်းနှင့် စီးဝင်စေခဲ့သည်။ စွမ်းအင်ကဏ္ဍ ဖြေရှင်းရန် အမေရိ ကန်က သဘာဝ ပြည့်ဖြိုးမြဲ စွမ်းအင်နည်းပညာ များကိုပေးကာ အိန္ဒိယနိုင်ငံ အတွင်း ဒေါ်လာ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ခဲ့သည်။

၂ဝ၁၆ ခုနှစ်ထဲတွင်ပင် အိန္ဒိယ၏ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ၄ဝ ရာခိုင်နှုန်း အထိ တိုးတက်လာကာ အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၄၄ ဘီလီယံ အထိရောက်ရှိ လာခဲ့သည်။ သမိုင်းဝင် ရန်သူတော် ပါကစ္စတန် နှင့်လည်း ငြိမ်းချမ်းရေး အပြင် စီးပွားရေး လုပ်ငန်းများ လုပ်နိုင်ရန် အထိပါ မိုဒီ က ဆောင်ရွက်ခဲ့ပြီး ပေါ်ထွက်လာသော စီးပွားရေး ဈေးကွက် မှန်သမျှကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားခဲ့သည်။ ဥပမာအားဖြင့် အီရန်ကို အမေရိကန်က စီးပွားရေး ဖြေလျှော့မှု ပေးခဲ့သည်။ ထိုသို့ပေးပြီးပြီး ချင်းပင် မိုဒီ က အီရန် နှင့် စီးပွားရေး လမ်းဖောက်ကာ ဒေါ်လာ ဘီလီယံနှင့် ချီသည့် စီးပွားရေး စာချုပ်များ ချုပ်ဆိုခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံ များတွင် တရုတ်တို့နှင့် အပြိုင် အိန္ဒိယက စီးပွားရေး ဈေးကွက်များ ချဲ့ထွင်လျက် ရှိသည်။ တရုတ်သည် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ လမ်း၊ တံတားနှင့် စွမ်းအင်ကဲ့သို့ အခြေခံ အဆောက်အအုံ ကဏ္ဍများကို တည်ဆောက်ပေးကာ သူတို့၏ ရင်းနှီးမြှုပ်နှံမှု ရရှိအောင် ဆောင်ရွက်ခဲ့သည်။ အိန္ဒိယလည်း တရုတ်တို့ လမ်းစဉ်လိုက်ကာ အရှေ့တောင် အာရှ ဖွံ့ဖြိုးဆဲနိုင်ငံ များကို ပစ်မှတ်ထား ဆောင်ရွက် လာခဲ့သည်။ အထူးသဖြင့် လာအို နှင့် ဗီယက်နမ် ကဲ့သို့ နိုင်ငံများ ဖြစ်သည်။

ယခင်က အရှေ့တောင် အာရှဒေသကို စိတ်ဝင်စားမှု အားနည်းခဲ့သော အိန္ဒိယသည် ယခုအခါ စီးပွားရေး ဆက်ဆံမှုများကို အလုံးအရင်း နှင့် ပြုလုပ်နေသည်။ အာဆီယံ ချစ်ကြည်ရေး ခရီးစဉ်များ ကိုလည်း အိန္ဒိယ တို့ လှည့်လည် သွားရောက်ခဲ့ပြီး အာဆီယံ၏ တရုတ်နှင့် ကုန်သွယ်မှု တန်ဖိုးကို အမီလိုက် နိုင်ရန် ကြိုးပမ်းနေသည်။ အိန္ဒိယ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်းသည် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် ၈ ရာခိုင်နှုန်းနှင့် အထက်ရှိမည် ဟု ကမ္ဘာ့ဘဏ် က ခန့်မှန်း ထုတ်ပြန်ထားပြီး တိုးတက်လာသော စီးပွားရေးကို ကြာရှည် ထိန်းသိမ်း ထားနိုင်ရန် ပြည်တွင်း ပုဂ္ဂလိကပိုင် ရင်းနှီးမြှုပ်နှံမှု များကို ဆက်လက် အရှိန်တိုးမြှင့် ပြုလုပ်ရန် လိုသည်ဟုလည်း ဆိုသည်။

၂ဝ၁၄ ခုနှစ်တွင် နိုင်ငံ၏ GDP တန်ဖိုး အမေရိကန ဒေါ်လာ ၂ ထရီလီယံ အထိရှိ လာခဲ့သော အိန္ဒိယသည် ၂ဝ၂ဝ ပြည့်နှစ် အရောက်တွင် အနည်းဆုံး ၃ ထရီလီယံ အထိ ရှိနေမည်ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်စုကျော် က ကမ္ဘာ့ ဖွံ့ဖြိုးမှု၏ ၅ဝ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၌ ရှိနေခဲ့ပြီး ကမ္ဘာ့စီးပွားရေး ပဲ့ကိုင်ရှင်သည် တရုတ် ဖြစ်ခဲ့သည်။ ယခု တရုတ်တို့ စီးပွားရေး ကျဆင်း လာသောအခါ ဖွံ့ဖြိုးမှု များသည် အိန္ဒိယဆီ သို့ ဦးတည် လာခဲ့သည်။

မကြာမီ အိန္ဒိယသည် ဆယ်စုနှစ် တစ်စုအတွင်း ကမ္ဘာ့စီးပွားရေး ကို ဦးတည်မောင်း နှင်မည့်သူ ဖြစ်တော့မည်။ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးမှု၏ အများဆုံး အစိတ်အပိုင်းသည် အိန္ဒိယတွင် ဖြစ်ပေါ် လာတော့မည်ဟု အာရှ၏ အနာဂတ် စီးပွားရေး ညီလာခံတွင် အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး အာရန်ဂျတ်တလေ က ပြောခဲ့ခြင်း ဖြစ်သည်။ ယခု ကမ္ဘာ့ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး၏ ၄ဝ ရာခိုင်နှုန်း သည် နှစ်စဉ် အာရှသို့ စီးဝင်နေသည်။ ကမ္ဘာ့ အမြန်ဆုံး စီးပွားရေး တိုးတက်သူများ အဖြစ် အိန္ဒိယ နှင့် အရှေ့တောင် အာရှ နိုင်ငံများက နေရာယူထားပြီး ကမ္ဘာ့ ကုန်သွယ်မှု တန်ဖိုး၏ ရာခိုင်နှုန်း အများစုကို အနာဂတ်တွင် ဝေစုအများဆုံး နေရာယူမည့် သူများလည်း ဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ်အထိ အမေရိကန် သည် ကမ္ဘာ့ ကုန်သွယ်ရေး စီးဆင်းမှုတန်ဖိုး၏ ၂၄ ရာခိုင်နှုန်းကို ချုပ်ကိုင်ပြီး ယခုအချိန်ထိ ကမ္ဘာ့ စီးပွားရေး အင်အားအကြီးဆုံး နေရာကို ယူထား နိုင်ခဲ့သည်။ သို့သော်လည်း ၂ဝ၁ဝ ပြည့်နှစ် နောက်ပိုင်းမှ စတင်ကာ အမေရိကန် သည် ကမ္ဘာ့ ကုန်သွယ်မှု တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းခန့် ကိုသာ ချုပ်ကိုင်ထား နိုင်တော့ကာ ၄င်း၏ ဝေစုများသည် တရုတ်ဆီသို့ ရောက်ရှိ သွားခဲ့သည်။ ယခု တရုတ်၏ စီးပွားရေး ကျဆင်းမှုများ နှင့်အတူ ကမ္ဘာ့ ကုန်သွယ်ရေး စီးဆင်းမှုတန်ဖိုး၏ ရာခိုင်နှုန်း ဝေစုအများ အပြားသည် အိန္ဒိယဆီသို့ မကြာမီ ရောက်ရှိ လာတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment