Pages

Tuesday, June 7, 2016

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌ နှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos အား လက်ခံတွေ့ဆုံစဉ်

နေပြည်တော် ၊ ၇-၆-၂၀၁၆

မြန်မာနိုင်ငံနှင့် EU ဆက်ဆံရေးသည် ကောင်းမွန်သည့် အစဉ်အလာ ရှိခဲ့ကြောင်း၊ မြန်မာ့ တပ်မတော် အနေဖြင့်လည်း EU အဖွဲ့ဝင် နိုင်ငံများနှင့် စစ်ဘက်ဆိုင်ရာ တွင် တတ်နိုင်သည့် အခန်းကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်မှုများ ရှိကြောင်း၊ EU ၏ လုပ်ဆောင်မှု များသည်လည်း အပြုသဘော ဆောင်သည်ကို တွေ့မြင်ရပြီး မိမိတို့ အနေဖြင့် အလေးထားကြောင်း၊ EU နှင့်ဆက်ဆံရေး မြှင့်တင်မှု၊ ပူးပေါင်း ဆောင်ရွက်မှု များကိုလည်း ကြိုဆိုပါကြောင်း ဖြင့် တပ်မတော် ကာကွယ်ရေး  ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ဥရောပ သမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီ ဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်း ပြောကြားသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီ ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ လွန်စွာ ချောမွေ့သည့် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုနှင့် ပတ်သက်၍ ဂုဏ်ယူပါကြောင်း၊ တပ်မတော်၏ ရွေးကောက်ပွဲ ကာလ လုပ်ဆောင်မှုများ၊ အစိုးရသစ်နှင့် ပူးပေါင်း ဆောင်ရွက်မှုများ အတွက်လည်း ဂုဏ်ယူ ပါကြောင်း ပြောကြား၍ EU အဖွဲ့ဝင်နိုင်ငံများ ပါဝင်ဖွဲ့စည်းမှု၊ ပတ်ဝန်းကျင် ဆိုင်ရာ လုံခြုံရေး စိတ်ချရမှုတို့ အတွက် ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး နှင့် တန်းတူညီမျှမှု ဆိုင်ရာ လုပ်ဆောင်ချက်များ၊ ပြည်သူလူထု ဖွံ့ဖြိုးတိုး တက်မှု အတွက် လုံခြုံသည့် အသိုင်းအဝိုင်း တည်ဆောက်မှု ဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် မြန်မာ့တပ်မတော် နှင့် ဥရောပသမဂ္ဂ တို့အကြား ပူးပေါင်း ဆောင်ရွက်မှု အတွက် စစ်ဘက် သံတမန်များ ထားရှိရေး၊ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆိုင်ရာ သင်တန်း အပါအဝင် လေ့ကျင့်ရေး သင်တန်း ကိစ္စရပ်များ၊ ချစ်ကြည်ရေး ခရီးစဉ် ဆိုင်ရာများ နှင့် ရေရှည် လုပ်ဆောင်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ ကြသည်။

ထို့ပြင် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီ ဥက္ကဋ္ဌ က ငြိမ်းချမ်းရေး ဖြစ်စဉ် (Peace Process) နှင့်ပတ်သက်လျှင် EU အနေဖြင့် လုပ်ဆောင်ပေး နိုင်သည်များ ရှိက ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရှိရန်မှာ အလွန်ပင် အရေးကြီးကြောင်း၊ နိုင်ငံ လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ၆ဝ အတွင်း တိုးတက်မှု အားနည်း ရခြင်းမှာ လက်နက်ကိုင် ပဋိပက္ခများ ရှိနေခြင်း တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းအောင် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ ယခု လျှောက်လှမ်း နေသည့် နိုင်ငံရေး လမ်းကြောင်းတွင် လက်နက်ကိုင် အဖွဲ့များ လုံးဝ မရှိသင့် တော့ကြောင်း၊ နိုင်ငံရေး လုပ်မည်ဆိုလျှင် လက်နက်ကိုင် လမ်းစဉ် ကိုစွန့်၍ နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်းကို သွားရမည် ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းလုပ် ဆောင်နေပြီး တပ်မတော်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ EU ၏ ကူညီ ဆောင်ရွက်ပေး မှုများအပေါ် တွင်လည်း ကြိုဆိုပါကြောင်း ဖြင့် ပြန်လည် ပြောကြားသည်။

ဆက်လက်ပြီး ဧည့်သည်တော် အဖွဲ့က EU တပ်မတော် အဖွဲ့အစည်းများ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် လိင်ပိုင်းဆိုင်ရာ စွပ်စွဲပြောဆို ခံရမှုများရှိပြီး ယင်းကို ဖြေရှင်းဆောင်ရွက် ရာတွင်လည်း ခက်ခဲမှုများရှိကြောင်း၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့အချို့ တွင်လည်း ယင်းကဲ့သို့ ဖြစ်စဉ်များ ရှိကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့်လည်း ထိုသို့ စွပ်စွဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသည်ကို သိရှိပါကြောင်း ဆွေးနွေးမှု အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်သည့် အချို့ဖြစ်စဉ် များသည် ပုဂ္ဂိုလ်ရေးအရ ကျူးလွန်မှု ဖြစ်သော်လည်း တပ်မတော် အနေဖြင့် လုံးဝ လက်မခံကြောင်း၊ ပြင်းထန်စွာ အရေးယူကြောင်း၊ နယ်ဘက်ဆိုင်ရာ အရေးယူမှု ထက်ပင် ပိုမို ပြင်းထန်ကြောင်း၊ တိုင်းပြည်မှ တပ်မတော် အပေါ်အထင်အမြင် လွဲမှားစေမည့် ကိစ္စရပ်များကို လက်မခံကြောင်း၊ အလားတူ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် တိုင်းရင်းသား အရေးကိစ္စများ နှင့်ပတ်သက်၍ တပ်မတော် အပေါ် စွပ်စွဲ ပြောဆိုမှုများစွာ ရှိသော်လည်း မိမိနိုင်ငံသမိုင်း ကို ပြန်လည် လေ့လာကြည့်ပါက မိမိတို့အပေါ် များစွာ ကိုယ်ချင်းစာ နားလည်နိုင်မည် ဟု မျှော်လင့်ကြောင်း ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီး များ တက်ရောက်ကြပြီး ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌနှင့် အတူ ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီ၏ အာရှနှင့် ပစိဖိတ်ရေးရာ တာဝန်ခံ Mr. Gunner Wiegand ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဥရောပသမဂ္ဂ စစ်ဘက်ရေးရာ ကော်မတီဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်၍ အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment