Pages

Tuesday, May 3, 2016

လေထုညစ်ညမ်းမှု များသည် အမျိုးသမီးများ အတွက် ရင်သားကင်ဆာကို ဆိုးရွားစွာ ဖြစ်ပေါ်စေနိုင်ကြောင်း UK သိပ္ပံပညာရှင်များက ထုတ်ပြန်ကြေငြာ



လန်ဒန် ၊ ၃-၅-၂၀၁၆

လေထု ညစ်ညမ်းမှုသည် လူသားများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပြီး၊ အမျိုးသမီး များအတွက် ရင်သားကင်ဆာကို ဆိုးဆိုးရွားရွား ဖြစ်ပေါ် စေနိုင်ကြောင်း UK သုတေသန အဖွဲ့မှ သိပ္ပံပညာရှင် များက မေ ၂ ရက်တွင် ထုတ်ပြန် ကြေငြာ သွားခဲ့သည်။

စစ်တမ်းများ အရ အင်္ဂလန်နိုင်ငံတွင် လက်ရှိ လေထုညစ်ညမ်းမှု များကို လျော့ကျအောင် ဆောင်ရွက် နိုင်ခြင်းမရှိပါက လာမည့် ၅ နှစ်အတွင်း အမျိုးသမီး ရင်သားကင်ဆာ ရောဂါ ဝေဒနာရှင်များ ယခင်ထက် ၈၀ ရာခိုင်နှုန်း မြင့်တက်လာဖွယ် ရှိနေကြောင်း သိရသည်။ 

ထို့အပြင် လတ်တလေ ဖြစ်ပေါ်နေသော လေထုညစ်ညမ်းမှု ပမာဏသည် အင်္ဂလန် နိုင်ငံသား များအတွက် အင်မတန်မှ အန္တရာယ် များသည့် အဆင့်ဖြစ် နေသလို၊ လာမည့် ငါးနှစ်အတွင်း အင်္ဂလန်နိုင်ငံသား နှစ်သိန်းကျော်ခန့် သေဆုံးဖွယ် ရှိနေကြောင်း လည်း ထုတ်ပြန်ကြေငြာ သွားခဲ့သည်။ 

ရွိုင်ရယ်လ် ကောလိပ်မှ သုတေသီများ၏ ၂၀၁၅ ခုနှစ်အတွင်း ကောက်ယူခဲ့သော စစ်တမ်းများအရ အင်္ဂလန်နိုင်ငံတွင် လေထု ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါများကြောင့် သေဆုံးသူ လူဦးရေ လေးသောင်း အထိ ရှိခဲ့ကြောင်းလည်း စာတမ်းများ ပြုစုကာ ထုတ်ပြန်ကြေငြာ သွားခဲ့သည်။ 

ဆယ်စုနှစ်အတွင်း ကောက်ယူခဲ့သော မှတ်တမ်းများ အရ ၂၀၁၅ ခုနှစ်သည် အင်္ဂလန်နိုင်ငံ၏ လေထု ညစ်ညမ်းမှု အဆင့် အမြင့်ဆုံး ကာလတစ်ခု ဖြစ်ကြောင်း ထုတ်ပြန်မှုများ ရှိခဲ့သော်လည်း၊ ၂၀၁၆ ခုနှစ် အစောပိုင်း ကာလများတွင် ဖြစ်ပေါ်ခဲ့သော လေထု ညစ်ညမ်းမှုမှာ ၂၀၁၅ ခုနှစ်က ဖြစ်ပေါ်ခဲ့သော လေထု ညစ်ညမ်းမှု အဆင့်ထက် မြင့်မားနေပြီး လေထု ညစ်ညမ်းမှုကြောင့် အင်္ဂလန်နိုင်ငံ တစ်ဝန်း လူဦးရေ ငါးသောင်းခန့်မှာ နှလုံး၊ အသက်ရှု လမ်းကြောင်းနှင့် ဆက်စပ်သော ရောဂါဝေဒနာများ ခံစား နေရကြောင်း သိရသည်။ ထို့ကြောင့် အင်္ဂလန် အစိုးရအဖွဲ့ အနေဖြင့် လေထု ညစ်ညမ်းမှု ပြဿနာကို မဖြစ်မနေ အမြန်ဆုံး ကိုယ်တွယ် ဖြေရှင်းပေးရန် လိုအပ်နေကြောင်း သုတေသီများ အဖွဲ့က အသိပေး ပြောကြား သွားခဲ့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment