Pages

Monday, May 9, 2016

နိုင်ငံခြားသွား သင်္ဘောပိုင်ရှင်များအသင်းက အာဆီယံ Shipowner's Association နှင့်ပူးပေါင်း လုပ်ကိုင်မည်



ရန်ကုန် ၊ ၉-၅-၂၀၁၆

အာဆီယံတွင် ဖွဲ့စည်းထားသည့် Shipowner's Association တွင် ပြည်တွင်းမှ နိုင်ငံခြားသွား သင်္ဘော ပိုင်ရှင်များ အသင်းအနေဖြင့် ချိတ်ဆက် ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

''အာဆီယံမှာ ဖွဲ့စည်းထားတဲ့ Shipowner's Association ဆိုတာ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့က နိုင်ငံခြားသွား သင်္ဘောပိုင်ရှင်များ အသင်းအနေနဲ့ ချိတ်ဆက် ပူးပေါင်း လုပ်ကိုင်သွား တော့မှာပါ။  ဒါမှ ကျွန်တော်တို့ အသင်းအနေ နဲ့လည်း လုပ်ငန်းကို ပိုမိုချဲ့ထွင် လုပ်ကိုင်သွားလို့ ရပါလိမ့်မယ်။ ယခင်က ကျွန်တော်တို့ အနေနဲ့ ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းကို ပိုမိုတိုးတက် စေဖို့အတွက် ဘယ်လို လုပ်ကိုင်ကြ မလဲဆိုတာ စာတမ်းတွေ ရေးသားပြုစု ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲ့ဒါတွေကို ပြန်လည် ဆွေးနွေးပြီး ရှေ့လျှောက် ဘယ်လိုလုပ်ကိုင် သွားကြမလဲ ဆိုတာကို မေ ၆ ရက်က ကျင်းပခဲ့တဲ့ နိုင်ငံခြားသွား သင်္ဘောပိုင်ရှင် များအသင်း အစည်းအဝေး မှာ ဆွေးနွေးခဲ့ကြ ပါတယ်'' ဟု ရေကြောင်း ပို့ဆောင်မှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒုတိယ ကပ္ပတိန် (ငြိမ်း)၊ လက်ရှိ နိုင်ငံခြားသွား သင်္ဘောပိုင်ရှင်များ အသင်း အကြံပေး အရာရှိ ကပ္ပတိန် ဦးဌေးဝင်း က ပြောသည်။

အဆိုပါ နိုင်ငံခြားသွား သင်္ဘော ပိုင်ရှင်များအသင်း တိုးတက်လာစေရန် လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော် အတွက် ဝင်ငွေပိုမို တိုးတက် လာစေပြီး တိုင်းရင်းသား သင်္ဘောပိုင်ရှင် လုပ်ငန်းရှင်များ အတွက် ဝင်ငွေပိုမို ရရှိနိုင်ကြောင်း၊ လက်ရှိ နိုင်ငံခြားသွား သင်္ဘော ပိုင်ရှင်များ အသင်း၌ အစိုးရ အဖွဲ့ဝင်များ သာမက ပုဂ္ဂလိက အဖွဲ့ဝင်များလည်း ပါဝင်ပြီး အားလုံး စုပေါင်းထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ အဖွဲ့အစည်းကြီး ရှေ့လျှောက် တိုးတက်လာ စေရန် လုပ်ဆောင် ရခြင်းမှာ ပြည်တွင်းသို့ ထိုးဖောက် ဝင်ရောက် လာကြသော နိုင်ငံခြားသွား သင်္ဘောပိုင်ရှင် များအား ယှဉ်ပြိုင်နိုင်ရန် ဖြစ်ပြီး သင်္ဘော လုပ်ငန်းရှင်များ ပိုမိုတိုးတက် လာစေရန်နှင့် ကာကွယ် ပေးရန်အတွက် အသင်းကြီးအား တည်ထောင် ထားခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

လက်ရှိ အနေအထား အရ နိုင်ငံခြားသား သင်္ဘောပိုင်ရှင် များက မြန်မာနိုင်ငံ၌ ဆိပ်ကမ်း ပို့ဆောင်ရေး လုပ်ငန်းများ၊ ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများကို လွှမ်းမိုးထားပြီး သင်္ဘောများ လာရောက်ပြေးဆွဲ နေသောကြောင့် တိုင်းရင်းသား သင်္ဘောပိုင်ရှင် များမှာ ဆုံးရှုံးမှုများ ခံနေရကြောင်း၊ ယင်းကိစ္စ ပြဿနာရပ် များအတွက် မည်ကဲ့သို့ ကျော်လွှား ရမည်ကို လုပ်ဆောင်သွား ရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပါမှ တိုင်းရင်းသား လုပ်ငန်းရှင် များ ဝင်ငွေပိုမို တိုးတက် လာနိုင်မည် ဖြစ်ကြောင်း နိုင်ငံခြားသွား သင်္ဘောပိုင်ရှင် များအသင်းမှ သိရသည်။

လက်ရှိတွင် အသင်းကို နိုင်ငံခြားသွား သင်္ဘောပိုင်ရှင်များ အသင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၄ ဦးပါဝင်ပြီး အဖွဲ့ဝင် များအား တိုးချဲ့ဖွဲ့စည်း သွားမည် ဖြစ်သည်။ အဆိုပါ နိုင်ငံခြားသွား သင်္ဘော ပိုင်ရှင်များ အသင်းကို ၂ဝ၁၅ ခုနှစ်မှ စတင်ဖွဲ့စည်း တည်ထောင် ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment