Pages

Wednesday, May 4, 2016

MRTV-4 သတင်းထုတ်လွှင့်မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သဘောထား ထုတ်ပြန်ချက်



နေပြည်တော် ၊ ၄-၅-၂၀၁၆

ပြည်တွင်း ရုပ်မြင်သံကြား မီဒီယာတစ်ခု ဖြစ်သည့် MRTV-4 မှ ၂ဝ၁၆ ခုနှစ် ဧပြီ ၂၉ ရက် ည ၈ နာရီ သတင်း ထုတ်လွှင့်ရာတွင် ''အစိုးရတပ်နှင့် ရခိုင်တပ်မတော် (AA)တိုက်ပွဲကြောင့် ဒေသခံ ၁၁ဝဝ ဝန်းကျင် စစ်ဘေး ရှောင်နေရ'' ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် ထုတ်လွှင့်ခဲ့ပြီး MRTV-4 ၏ တရားဝင် website စာမျက်နှာ တွင်လည်း ဖော်ပြခဲ့သည်။ ယင်းသို့ ထုတ်လွှင့် ဖော်ပြရာတွင် တပ်မတော်ကို ''အစိုးရတပ်'' ဟု ခေါ်ဝေါ်သုံးစွဲ ခဲ့ပြီး AA သောင်းကျန်းသူ အဖွဲ့ကို ''ရခိုင်တပ်မတော်'' ဟု ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကို ကာကွယ်ရန် ဖွဲ့စည်းထားသည့် တပ်မတော် သည် တစ်ခုတည်းသာ ရှိကြပါသည်။ တပ်မတော် နှင့်ပတ်သက်၍ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၇) တွင်လည်း ''တပ်မတော်'' ဟုသာ အမည်တပ်သုံးစွဲ ဖော်ပြထားသည်။ ၄င်း အခန်း၏ ပုဒ်မ-၃၃၇ တွင် ''တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး အတွက် အဓိက အကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်'' ဟု ဖော်ပြထားရှိပြီး ကျန်ပုဒ်မများ တွင်လည်း တပ်မတော် ဟုသာ ရေးသားဖော်ပြ ထားပါသည်။

"တပ်မတော်" အသုံးအနှုန်းကို မှန်ကန်စွာ သုံးစွဲဖော်ပြခြင်း မပြုဘဲ အစိုးရတပ် ဟု ဖော်ပြခြင်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူ ပေါ်ပေါက်လာသော တပ်မတော် ၏ သမိုင်းကြောင်း၊ နိုင်ငံတော် အတွက် ရင်းနှီးပေးဆပ်မှု များစွာဖြင့် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ ကြသည့် တပ်မတော်၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို များစွာထိခိုက် စေပါသည်။

ထို့ပြင် တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည့် AA သောင်းကျန်းသူ အဖွဲ့ကို ရခိုင်တပ်မတော်ဟု ဖော်ပြခြင်းမှာလည်း လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့အစည်း တစ်ခုအား တရားဝင် တပ်မတော်တစ်ရပ် ကဲ့သို့ အားပေးအားမြှောက် ပြုသည့်သဘော သက်ရောက်ပါသည်။ ယင်းသည် MRTV-4 ၏သဘောထား ကိုပါ ထင်ဟပ် စေပါသည်။

သို့ဖြစ်၍ တရားဝင် မှတ်ပုံတင် ထားရှိသော ပြည်တွင်း ရုပ်မြင်သံကြား မီဒီယာ တစ်ခုဖြစ်သည့် MRTV-4 ၏အဆိုပါ သတင်းထုတ်လွှင့်မှု သည် သတင်းမီဒီယာ ကျင့်ဝတ်ကို လိုက်နာ စောင့်ထိန်းမှု မရှိသည့်အပြင် ညီညွတ်မျှတ မှန်ကန်စွာ သုံးစွဲဖော်ပြခြင်း မရှိသဖြင့် တပ်မတော် (ကြည်း၊ရေ၊ လေ) ကိုယ်စား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်းနှင့် တာဝန်ရှိ သူများက လိုအပ်သလို ထိန်းသိမ်းကြပ်မတ် ပေးရေး တောင်းဆိုပါကြောင်း သဘောထား ထုတ်ပြန် အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment