Pages

Sunday, May 1, 2016

ထားဝယ်မြို့နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်



နေပြည်တော် ၊ ၁-၅-၂၀၁၆

တနင်္သာရီတိုင်း ဒေသကြီးအတွင်း တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)ဖြင့် ရောက်ရှိနေသော နယ်လှည့် ဆေးကုသရေး အဖွဲ့သည် ထားဝယ်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးရာ ယမန်နေ့တွင် ဆေးကုသမှု ဆိုင်ရာ ရောဂါ ၄၃၅ ဦး၊ ခွဲစိတ်ရောဂါ ၈ဝ ဦး၊ သားဖွားမီးယပ် ရောဂါ ၅၃ ဦး၊ ကလေးရောဂါ ၃ဝ ဦး၊ အရိုးရောဂါ ၉၄ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၁ဝ၇ ဦး၊ မျက်စိရောဂါ ၁၇၅ ဦးနှင့် သွားရောဂါ ၇ဝ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၁ဝ၄၄ ဦးကို လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက် ပေးသည်။ 

ထို့ပြင် အထွေထွေ ခွဲစိတ်လူနာ ၁၅ ဦးနှင့် မျက်စိ ခွဲစိတ်လူနာ ကိုးဦးတို့အား ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသ ပေးခြင်း၊ ဓာတ်မှန်ရိုက်သူ ၂၅ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်သူ ၂၈ ဦး၊ ကွန်ပျူတာ ဓာတ်မှန်ရိုက်သူ တစ်ဦး နှင့် နှလုံးစမ်းသပ်သူ ၂၅ ဦးအား ရောဂါ ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံ ပြည်သူ ၂၅ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ကုသပေးကာ လူနာ ၁၅ ဦးကိုလည်း တပ်မတော် ဆေးရုံသို့ ပို့ဆောင်ကုသ ပေးလျက် ရှိသည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် တနင်္သာရီတိုင်း ဒေသကြီး အတွင်း ကမ်းရိုးတန်း ဒေသများရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ထိ ဒေသခံပြည်သူ ၄၃၁၉ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment