Pages

Monday, May 30, 2016

ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းနှင့် ခရီးစဉ်ဒေသအသစ် ဖော်ထုတ်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၃၀-၅-၂၀၁၆

ခရီးသွား လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရန် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း (Community Based Tourism- CBT) ဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ လက်ရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ် မြှင့်တင်ရေး စသည့် လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

CBT တွင် ကနဦး အနေဖြင့် ကချင်ပြည်နယ် အင်းတော်ကြီးကန် ပတ်ဝန်းကျင် ကျေးရွာများ၊ ကယားပြည်နယ် လွိုင်ကော်မြို့ (ပန်ပက်၊ တနှီးလာလဲ၊ ဟွေအော၊ စွပ်ပိုင်) ဒေသ၊ ကရင်ပြည်နယ် ၌ သံတောင်ကြီး ဒေသ၊ ရှမ်းပြည်နယ် ၌ ပအိုဝ်းဒေသရှိ လွယ်ခေါ်၊ အင်းနီ၊ ထီနဲ့နှင့် ကက္ကူ ကျေးရွာများ၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ် ၌ရှိသည့် ကန်ကြီးတော (အရှေ့)၊ ကန်ကြီးတော (အနောက်) ကျေးရွာ၊ ဆူးလူးပန်း ကျေးရွာ၊ အင်းရောင်း ကျေးရွာ၊ မန္တလေးတိုင်း ဒေသကြီး၌ မင်းကွန်းနှင့် ကျောက်မြောင်း အကြား၌ ရှိသည့် ဆင်ကျွန်း၊ အေးကျွန်း၊ စိန်ပန်းကုန်း၊ မြေစွန်းကျွန်း၊ မြစ်ကမ်းကြီး နှင့် ဆည်သည် ကျေးရွာ ခြောက်ရွာ စသည့် စီမံကိန်း ခြောက်ခုကို အကောင် အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်သည်။

လက်ရှိတွင် မြိုင်မြို့နယ်ရှိ ကျေးရွာ လေးရွာ၌ CBT ကို ယမန်နှစ် နှစ်ကုန်ပိုင်းမှ စတင် လုပ်ဆောင်ခဲ့ရာ ပြည်ပ ခရီးသွား ၅ဝဝ ကျော် လာရောက်ခဲ့ပြီး ယခုနှစ်တွင် ၁ဝဝဝ ကျော် လာရောက်ရန် လျာထားသည်။

အနီးအနား ရွာများကလည်း ယင်း ကျေးရွာ လေးရွာ၏ အောင်မြင်မှု တို့ကို အားကျ၍ CBT လုပ်ဆောင် လိုကြကြောင်း တင်ပြ လာသဖြင့် ကျေးရွာ ၁ဝ ရွာ၌ ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်သည်။

ထို့ပြင် အခြေခံ သင်တန်းများ၏ သင်ရိုး ညွှန်းတမ်းကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းပြီး အာဆီယံ အပြန်အလှန် အသိအမှတ် ပြုရေး စံနှုန်းများနှင့် အညီ ဖြစ်စေရန် ပြင်ဆင်ရေးဆွဲ ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကာ ညောင်ဦးမြို့၌ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း တည်ဆောက် နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဓိက ခရီးစဉ် ဒေသများ အပေါ် အခြေခံ၍ ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ကာ လက်တွေ့ ဈေးကွက် မြှင့်တင်ရေး ဆောင်ရွက်ခြင်း၊ ပြည်သူလူထု ထံမှ ပူးပေါင်း ဆောင်ရွက်မှု ရယူခြင်း၊ အလားအလာ ရှိသည့် ခရီးစဉ်ဒေသ အသစ်များကို လာမည့် ခရီးသွားရာသီ များဖြစ်သည့် အောက်တိုဘာလ မှ ဖေဖော်ဝါရီလ အထိ ဈေးကွက် တိုးချဲ့နိုင်ရေး ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment