Pages

Tuesday, May 24, 2016

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေး ရှေးရှုပြီး ထိုင်းဘုရင်၏ အရိုးအိုးအုတ်ဂူကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ ဆက်လက်ဆောင်ရွက်



မန္တလေး ၊ ၂၄-၅-၂၀၁၆

မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ကို ရှေးရှုပြီး အမရပူရ မြို့နယ် လင်းဇင်းရပ် ရှိ ထိုင်းဘုရင် ၏ အရိုးအိုးအုတ်ဂူ ကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေသော မန္တလေးမြို့မှ သမိုင်း သုတေသီ ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင် ထံမှ သိရသည်။

အမရပူရရှိ လင်းဇင်းရပ်တွင် မြှုပ်နှံထားသော ထိုင်းဘုရင်၏ အရိုးအိုးအုတ်ဂူ အပါအဝင် စေတီများ၊ ကျောင်းတော်ရာ နေရာများ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ၂ဝ၁၃ ခုနှစ်က စတင်ပြုလုပ် ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် နှစ်နှစ်ကျော်ခန့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ ရကြောင်း၊ ယခုအခါ အဆိုပါ ရှေးဟောင်း သမိုင်းဝင် နေရာအား သီတဂူ ဆရာတော်ကြီး ၏ ကြပ်မတ် ကွပ်ကဲမှုဖြင့် မန္တလေး မှ သမိုင်း သုတေသီ ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင် နှင့် ပညာရှင် များက ယခုလဆန်းပိုင်း မှစတင်၍ ရှေးမူ လက်ရာမပျက် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရသည်။

''ထိုင်းဘုရင် အရိုးအိုး အုတ်ဂူ ကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ အတွက် ထိုင်းနိုင်ငံ ဒုတိယ သာသနာပိုင် ဆရာတော်ကြီး က ကျွန်တော်တို့ စစ်ကိုင်းမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ် မှ သီတဂူ ဆရာတော်ကြီး ထံ နှစ်နိုင်ငံ  ချစ်ကြည်ရေးကို ရှေးရှုပြီး ထိန်းသိမ်းပြုပြင် ပေးဖို့ လျှောက်ထားခဲ့ ပါတယ်။ ဒါကို သီတဂူ ဆရာတော် ကြီးက သက်ဆိုင်ရာ အဖွဲ့အစည်း တွေကို တင်ပြပြီး အခုလို ပြုပြင် ထိန်းသိမ်းမှုတွေ ဆက်လက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်'' ဟု ဆရာကြီး တမ္ပဝတီ ဦးဝင်းမောင် က ပြောပြသည်။

အဆိုပါ ပြုပြင် ထိန်းသိမ်းမှု လုပ်ငန်း ဆောင်ရွက်လျက် ရှိသော ထိုင်းဘုရင် အရိုးအိုးအုတ်ဂူ ကို အင်္ဂလန်နိုင်ငံ အရှေ့တိုင်း ပြတိုက်ရှိ ပုရပိုက်ပါ အထောက် အထားများ၊ ရှေးမြန်မာမင်း များဖြစ်သော ဆင်ဖြူရှင်၊ စဥ့်ကူးမင်း၊ ဘိုးတော်ဘုရား လက်ထက်က တည်ဆောက်ခဲ့ သော သာသနိက အဆောက်အအုံ လက်ရာ အထောက်အထား များနှင့် တိုက်ဆိုင် စစ်ဆေး ခဲ့ကြောင်း၊ ပြင်ဆင်သည့် နေရာတွင် အပိုင်း ၁၅ ပိုင်းကို ဆောင်ရွက်မည် ဖြစ်ပြီး အောက်တိုဘာ လကုန်တွင် အရေးကြီးသော အပိုင်းငါးပိုင်း ကို ပြီးစီးရေး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

၎င်း ထိုင်းဘုရင် အရိုးအိုးအုတ်ဂူ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ထိုင်းဘုရင်၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ၄င်းအရိုးအိုး အုတ်ဂူ အနီးတွင်လည်း ပြတိုက်တစ်ခု ဆောင်ရွက်ပြီး နောင်လာ နောက်သားများ ကြည့်ရှုနိုင်ရေး စီစဉ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

" အရိုးအိုးထဲက ပြင်ပမှာ ပြသလို့ရတဲ့ အထောက်အထား တွေကို ပြတိုက် ဆောက်လုပ်ပြီး ပြသထားမှာ ဖြစ်ပါတယ်။ ပြတိုက်ကိုလဲ ဒီအရိုးအိုး အုတ်ဂူအနီးမှာ တည်ဆောက် ဖို့ စီစဉ်ထား ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment