Pages

Thursday, May 26, 2016

အမေရိကန် နှင့် ပါကစ္စတန်တို့အကြား တင်းမာမှုမြင့်တက်စေသည့် ဒရုန်း တိုက်ခိုက်မှု




( အောင်နှင်းဆီ )

ပါကစ္စတန်နိုင်ငံ အတွင်း အမေရိကန် ပြည်ထောင်စု က လုပ်ဆောင်ခဲ့သည့် မောင်းသူမဲ့ လေယာဉ် (ဒရုန်း) တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ မဟာမိတ် နိုင်ငံများအဖြစ် ကာလ ရှည်ကြာစွာ ရပ်တည်ခဲ့သော ပါကစ္စတန် နှင့် အမေရိကန် အစိုးရတို့ အကြား တင်းမာမှုများမှာ တစ်စထက် တစ်စ မြင့်တက် လာခဲ့ပြီ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု မှ မောင်းသူမဲ့ လေယာဉ်၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် အာဖဂန်နစ္စတန် တာလီဘန် ခေါင်းဆောင် မူလာအက်တာ မန်ဆူအာ သေဆုံး ခဲ့သည်ဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမား က မေ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အဆိုပါ တိုက်ခိုက်မှု အတွင်း တာလီဘန် ခေါင်းဆောင် မန်ဆူအာ သေဆုံး ခဲ့သည်ဟု ပါကစ္စတန် အစိုးရက အတည်ပြု ပေးထားခြင်း မရှိသော်လည်း အမေရိကန် အစိုးရ၏ လုပ်ဆောင်မှု သည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး ချောင်ဒရီနီ ဆာအလီခန်း က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ၄င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နယ်စပ် ဖြတ်ကျော် တိုက်ခိုက်မှု များကို ပြုလုပ်နိုင်သည် ဟူသော ပြောကြားချက်ကို အလီခန်း က ပယ်ချထားပြီး အမေရိကန် အစိုးရ၏ ထုတ်ပြန်ချက် အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့သည်။

မန်ဆူအာ သည် အာဖဂန်နစ္စတန် နိုင်ငံ အတွင်းရှိ အမေရိကန် တပ်ဖွဲ့များကို တိုက်ခိုက်ရန် စီစဉ်နေသည် ဟု အမေရိကန် အစိုးရက အစောပိုင်း တွင် ပြောကြား ထားပြီး အဆိုပါ တာလီဘန် ခေါင်းဆောင် အား တင်ဆောင် လာသည့် မော်တော်ယာဉ်ကို ထောက်လှမ်းရေး သတင်းနှင့် အီလက်ထရွန်နစ် စောင့်ကြည့်ရေး စနစ်များကို အသုံးပြု၍ ထောက်လှမ်း ရှာဖွေ နိုင်ခဲ့သည်။ အာဖဂန်နစ္စတန် နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ပါကစ္စတန် အနောက် တောင်ပိုင်း၌ မေ ၂၁ ရက်က လေကြောင်းမှ တိုက်ခိုက် ခဲ့ရာ အာဖဂန်နစ္စတန် နယ်နိမိတ် အတွင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု ကြောင့် မော်တော်ယာဉ် ပေါ်၌ လိုက်ပါလာသူ နှစ်ဦးအနက် မန်ဆူအာ ဟု ယူဆရသူ၏ ရုပ်အလောင်းမှာ မမှတ်မိ နိုင်အောင် မီးလောင် ပျက်စီး သွားခဲ့သောကြောင့် သေဆုံးသူမှာ မန်ဆူအာ ဟုတ်၊ မဟုတ်ကို အတိအကျ ပြောကြား နိုင်ခြင်းမရှိပေ။ သို့ရာတွင် ဒရုန်း တိုက်ခိုက် မှုကြောင့် သေဆုံးသွား ခဲ့သူများ အနက် တစ်ဦးမှာ ယာဉ်မောင်း ဖြစ်ပြီး ကျန်တစ်ဦးမှာ တာလီဘန် ခေါင်းဆောင် မန်ဆူအာ ဖြစ်သည်ဟု ပင်တဂွန် စစ်ဌာနချုပ် က တထစ်ချ ယူဆလျက် ရှိသည်။

ဒေသအတွင်း၌ တာလီဘန်နှင့် တခြား စစ်သွေးကြွ များအပေါ် ပြုလုပ်လာသည့် အမေရိကန် တို့၏ အကြမ်းဖက် တန်ပြန် တိုက်ဖျက်ရေး စတင်ချိန်မှ စ၍ မဟာမိတ် နိုင်ငံများ ဖြစ်သည့် ပါကစ္စတန် နှင့် အမေရိကန် ပြည်ထောင်စု တို့အကြား ဆက်ဆံရေးမှာ မပြေမလည် ဖြစ်ခဲ့ရသည်။ ထို့ပြင် ဒရုန်းများ၏ တိုက်ခိုက်မှု ကြောင့် အရပ်သားများ သေဆုံးရခြင်း သည်လည်း နှစ်နိုင်ငံ အကြား တင်းမာမှု များကို ပိုမိုမြင့်တက် စေခဲ့သည်။ ပါကစ္စတန် အစိုးရသည် အာဖဂန်နစ္စ တန် တာလီဘန် ခေါင်းဆောင် များကို နိုင်ငံအတွင်း ခိုလှုံခွင့်ပြု ထားသည်ဟု အမေရိကန် အစိုးရ၏ စွပ်စွဲချက်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အတင်းမာဆုံး သော အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။ သို့ရာတွင် အမေရိကန် ပြည်ထောင်စု ၏ စွပ်စွဲချက်ကို ပါကစ္စတန် အစိုးရက ငြင်းဆိုထားသည်။

အလားတူပင် အမေရိကန် တပ်ဖွဲ့ဝင်များ သည် ၂ဝ၁၁ ခုနှစ်အတွင်းက ပါကစ္စတန် နိုင်ငံ အဘော့တာဘတ် မြို့ရှိ နေအိမ် တစ်အိမ်၌ အယ်လ်ကိုင်ဒါ ခေါင်းဆောင်ဟောင်း အိုစမာ ဘင်လာဒင် အား စီးနင်းသတ်ဖြတ် ခဲ့ခြင်းနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရက ပါကစ္စတန် နိုင်ငံအား ကြိုတင် အသိမပေး ခဲ့ခြင်းအပေါ် ပါကစ္စတန် အစိုးရက အကြီးအကျယ် ဒေါသထွက် ခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ပိုင်နက်များ၌ အမေရိကန် အစိုးရက ပြုလုပ်နေသည့် ဒရုန်း တိုက်ခိုက်မှု များနှင့် စပ်လျဉ်း၍ ယခင်ကလည်း အမေရိကန် အာဏာပိုင် များနှင့် ဆွေးနွေး တင်ပြ ခဲ့ပြီးဖြစ်သည် ဟု ပါကစ္စတန် အစိုးရက ပြောကြား ခဲ့သည်။ အမေရိကန် ပြည်ထောင်စု သည် ပါကစ္စတန် နိုင်ငံ အနောက် မြောက်ပိုင်း၌ ၂ဝဝ၄ ခုနှစ်မှစ၍ ဒရုန်းများကို အသုံးပြု တိုက်ခိုက် ခဲ့သည်။ တိုက်ခိုက် ခဲ့သည့် ပစ်မှတ် အများစုမှာ အာဖဂန်နယ်စပ် အနီးရှိ မျိုးနွယ်စု ဒေသများ ဖြစ်ပြီး ယင်းသို့ တိုက်ခိုက် ရာတွင်လည်း အရပ်သား ထိခိုက်သေဆုံးမှု များကို လျှော့ချသွား မည်ဟု နှစ်နိုင်ငံ အစိုးရအဖွဲ့ များက လူသိရှင်ကြား ထုတ်ဖော် ပြောကြား ခဲ့သည်။

သို့ရာတွင် ပေါက်ကြား ခဲ့သည့် စစ်ရေးသတင်း အချက်အလက် များအရ အမေရိကန် ဒရုန်းများ၏ တိုက်ခိုက်မှု ကြောင့် သေဆုံးခဲ့ရ သူများမှာ ပစ်မှတ်ထားခံ ရသူများ မဟုတ်ဘဲ အများစုမှာ အရပ်သားများ ဖြစ်သည်။ ဒရုန်းများ၏ တိုက်ခိုက်မှု ကြောင့် ကလေးသူငယ်များ အပါအဝင် လူပေါင်းများစွာ သေဆုံးခဲ့သည်။ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့၏ ထုတ်ပြန်ချက် အရ တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့ ရသူများမှာ လက်နက် ကိုင်ဆောင်ထားခြင်း မရှိသောကြောင့် အမေရိကန်  မောင်းသူမဲ့လေယာဉ်များ ၏ တိုက်ခိုက်မှု များသည် စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြင့် ရင်ဆိုင်ခံရ နိုင်ကြောင်း အဆိုပါ အဖွဲ့က ပြောသည်။

အမေရိကန် အစိုးရသည် ၄င်းတို့၏ အကြမ်းဖက် တိုက်ဖျက်မှု စစ်ဆင်ရေး စတင်ချိန်မှ စ၍ ယခုနှစ် ဖေဖော်ဝါရီလ အထိ ဒရုန်း တိုက်ခိုက်မှု အကြိမ်ပေါင်း ၄၂၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုများ အနက် တိုက်ခိုက်မှု ၃၇၂ ကြိမ်မှာ လက်ရှိ သမ္မတ အိုဘားမား ၏ လက်ထက်တွင် ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

အမေရိကန် အစိုးရ၏ ဒရုန်း တိုက်ခိုက်မှု များသည် တရားမဝင်ကြောင်း နှင့် လူသား မဆန်ကြောင်း ပတ်ရှ်ဝါ တရား ရုံးချုပ်က ထုတ်ပြန် ထားသည်။ အလားတူ ပါကစ္စတန် နိုင်ငံအတွင်း ပြုလုပ်လျက် ရှိသည့် ဒရုန်း တိုက်ခိုက်မှု များသည် နိုင်ငံ၏ နယ်မြေ ပေါင်းစည်းမှုကို ထိပါးရုံ သာမက အကြမ်းဖက် ဝါဒ တိုက်ဖျက်နိုင်ရေး ကြိုးပမ်းမှု ကိုပါ အဟန့်အတား  ဖြစ်ပေါ် စေသည်ဟု ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှရစ်ဖ် က အမေရိကန် အစိုးရအား အကြိမ်ကြိမ် ပြောဆို ထားခဲ့သည်။

သို့ရာတွင် ဒရုန်း တိုက်ခိုက်မှု များသည် ပစ်မှတ်ကို တိုက်ခိုက်ရာတွင် ထိရောက် တိကျမှု ရှိသည့်အပြင် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း မရှိဟု အိုဘားမား အစိုးရက ပြောကြား  ထားသောကြောင့် ယခင်က မဟာ မိတ် နိုင်ငံများ အဖြစ် ရပ်တည်ခဲ့ ကြသည့် ပါကစ္စတန်နှင့် အမေရိကန် ပြည်ထောင်စု တို့အကြား တင်းမာမှုများမှာ မြင့်တက်လာဖွယ် ရှိသည့်အပြင် အဆိုပါ တင်းမာမှုများ သည် အမေရိကန် အစိုးရ၏ အကြမ်းဖက် တန်ပြန် တိုက်ဖျက်ရေး ကြိုးပမ်းမှု ကိုပါ လျော့ပါး စေနိုင်မည့် အလားအလာများ ထွက်ပေါ်လျက် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment