Pages

Friday, May 6, 2016

အထည်ချုပ်စက်ရုံမှ အလုပ်သမားများ အခြေအနေကို သိရှိရန် Action Labour Right က စစ်တမ်းကောက်ယူ



ရန်ကုန် ၊ ၆-၅-၂၀၁၆

အထည်ချုပ် စက်ရုံများ အတွင်း လုပ်ငန်းခွင် အခြေအနေ များကို လွှတ်တော်သုံးရပ် နှင့် နိုင်ငံတကာရှိ အထည်ချုပ် ဝယ်ယူသူများ သိရှိစေရန် စစ်တမ်း ကောက်ယူလျက် ရှိကြောင်း Action Labour Right မှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ပုသိမ်မြို့နယ်တို့ ရှိ အထည်ချုပ် စက်ရုံ ၁၂ ရုံတွင် စစ်တမ်း ကောက်ယူနေပြီး စက်ရုံများအတွင်း အလုပ်သမား ဥပဒေအတိုင်း အလုပ်သမားများ ခံစားခွင့်၊ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးနှင့် အလုပ်သမား များ၏ အရည်အသွေး များကို သိရှိစေရန် စက်ရုံပိုင်ရှင် များနှင့် အထည်ချုပ် အလုပ်သမားများထံ လက်တွေ့ ကွင်းဆင်းမေးမြန်း နေကြောင်း သိရသည်။

''အချိန်ပိုကိစ္စမှာ သတ်မှတ်ထားတဲ့ အတိုင်း မလုပ်တာတွေ တွေ့ရတယ်။ လစာပေးတဲ့ ပုံစံကလည်း အလုပ်သမားတွေ နားမလည်တဲ့ ပုံစံတွေနဲ့ ပေးနေတာ တွေ့ရတယ်။ အလုပ်သမားတွေက ပညာအရည်အချင်း နည်းတဲ့သူတွေ ရှိတယ်။ ဥပဒေတွေအတိုင်း လိုက်နာတာ အားနည်းနေတယ်'' ဟု Action Labour Right ၏ ဒါရိုက်တာ ကိုသူရိန်အောင် က ပြောသည်။

စစ်တမ်းကို ဖေဖော်ဝါရီလမှ စတင်ကာ မေ ၅ ရက်အထိ ကောက်ယူလျက် ရှိပြီး စစ်တမ်းပါ အချက်အလက် များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ရေးသားကာ လွှတ်တော် သုံးရပ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများကို ဝယ်ယူနေသည့် အထည်ချုပ် အဖွဲ့အစည်း များသို့ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။ 

''အနိမ့်ဆုံးလုပ်ခလစာ အတိုင်း မပေးတာတွေ ရှိတယ်။ အချိန်ပိုကို ည ၇ နာရီအထိ ဆင်းရတာ ရှိတယ်။ ညနေ ၄ နာရီခွဲလောက် ပြန်ချင်ရင် ပြန်လို့ မရဘူး။ အရေးပေါ် မူးလဲမှ ပြန်လို့ရတာ။ တချို့စက်ရုံ တွေဆို ပိတ်ရက်တောင် အချိန်ပို လာဆင်း ရတာရှိတယ်'' ဟု ထိပ်တန်းမြန်မာ အထည်ချုပ် စက်ရုံမှ အထည်ချုပ် ဝန်ထမ်း မမိုးစန္ဒာမြင့် က ပြောသည်။

မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများတွင် အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိခြင်း ရှိ၊ မရှိနှင့် အလုပ်သမား ဥပဒေများ လိုက်နာခြင်း ရှိ၊ မရှိကို စစ်တမ်း ကောက်ယူရန် အတွက် အထည်ချုပ် လုပ်ငန်းခွင် အခြေအနေ များကို သုတေသနပြုစု နေသည့် နယ်သာလန်ရှိ SOMO အဖွဲ့က ငွေကြေးပံ့ပိုး ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အမ်အမ်ကေ

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment