Pages

Thursday, April 21, 2016

စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် သနပ်ပင်မြို့နယ် ကသစ်ခုံကျေးရွာ ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရ



သနပ်ပင် ၊ ၂၁-၄-၂၀၁၆

ပဲခူးတိုင်းဒေသကြီး သနပ်ပင် မြို့နယ်တွင် စစ်တောင်းမြစ် ကမ်းပါး ပြိုကျမှုကြောင့် ကသစ်ခုံ ကျေးရွာမှာ ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရပြီး လက်ရှိတွင် စာသင်ကျောင်း နှင့် ဘုန်းကြီးကျောင်း တို့မှာ ပြောင်းရွှေ့ရန် ကျန်ရှိနေ သေးကြောင်း သိရသည်။

''မြစ်ကမ်းပါး ပြိုကျလို့ လူနဲ့ အိမ်မွေး တိရစ္ဆာ န်၊ နေအိမ်တွေ ဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။ အချိန်မီ ပြောင်းရွှေ့ နိုင်ခဲ့ပါတယ်။ အခုတော့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တွေပဲ ပြောင်းရွှေ့ဖို့ ကျန်ပါတော့တယ်။ မိသားစုလိုက် အနီးအနား ဝန်းကျင် လယ်ကွက်တွေမှာ ယာယီတဲ ထိုးပြီး နေနေကြပါတယ်''ဟု ကသစ်ခုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်း က ပြောပြသည်။

သနပ်ပင်မြို့နယ် ကသစ်ခုံ ကျေးရွာသည် ယခင်က စစ်တောင်းမြစ် နှင့် သုံးမိုင်ခန့် ကွာဝေးခဲ့ သော်လည်း ၂ဝ၁၂ ခုနှစ်မှ စတင်၍ ကမ်းပါးပြိုကျမှု များလာပြီး လယ်ယာမြေများ ပျက်စီးခဲ့သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ လက ရွာနှင့်နီးကပ် လာသောကြောင့် အိမ်ထောင်စု ၁၄၈ စုမှာ ၂ဝ၁၅ ခုနှစ်အတွင်း ပထမဦးဆုံး နီးစပ်ရာ ရွာများသို့ ပြောင်းရွှေ့ လိုက်ရပြီး ယခုနှစ် ဧပြီလတွင် မြစ်ကမ်းပါးနှင့် ပေ ၂ဝဝ ခန့်သာ ကွာဝေးတော့ သဖြင့် ကျန်ရှိသော အိမ်ထောင်စု အားလုံးမှာ ကမ်းပါးနှင့် ဝေးသော နေရာများတွင် ယာယီတဲထိုးကာ ပြောင်းရွှေ့ နေထိုင် နေရကြောင်း သိရသည်။

စစ်တောင်းမြစ် ကမ်းပါးပြိုကျ မှုကြောင့် လယ်ယာမြေများ ဆုံးရှုံးခဲ့ပြီး ဒေသခံများမှာ အလုပ်လက်မဲ့ ဖြစ်ကြရပြီး နေထိုင်ရန်နှင့် အစားအသောက် အတွက် အခက်အခဲ ရှိနေသော်လည်း မြို့နယ် အုပ်ချုပ်ရေး အဖွဲ့များက ထိထိ ရောက်ရောက် ကူညီပေး နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''သောက်ရေ ပြတ်လပ်မှု ဖြစ်တာတော့ သုံးလလောက် ရှိပါပြီ။ သနပ်ပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ကတော့ တစ်ပတ်ကို နှစ်ကြိမ် လောက် ရေလာလှူ ပါတယ်။ လယ်ယာမြေတွေ ကမ်းပါးပြိုကျ ကုန်တော့ ဒေသခံ အများစုက အလုပ်မရှိ တော့ဘဲ နီးစပ်ရာ ရွာတွေမှာ မှီခိုပြီး စပါးရိတ်၊ ပဲနုတ်၊ ငါးရှာလိုက်လုပ် နေကြရ ပါတယ်။ အစိုးရ အနေနဲ့ မိုးမကျမီ ရွာအသစ်မှာ နေရာချပေး စေချင်ပါတယ် '' ဟု ကသစ်ခုံ ကျေးရွာသား တစ်ဦးက ပြောပြသည်။

ကသစ်ခုံ ကျေးရွာသည် စုစုပေါင်း အိမ်ထောင်စု ၃၆၈ စု၊ လူဦးရေ ၁၇၇၆ ဦးရှိပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် လယ်ယာမြေ ဧက ၆ဝဝဝကျော် ပါရှိသွားကာ နိုင်ငံတော် အစိုးရအနေဖြင့် ပြောင်းရွှေ့ နေထိုင်ရန် ရွာအတည်တကျ သတ်မှတ်မပေး နိုင်သေးသည့် အတွက် အခက်အခဲ တွေ့နေကြ ရကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment