Pages

Monday, April 25, 2016

သင်္ကြန်ပြီးကာလတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ လက်လီဈေးနှုန်းမြင့်တက်



မန္တလေး ၊ ၂၅-၄-၂၀၁၆

သင်္ကြန်ပြီး ကာလတွင် အခြေခံ စားသောက်ကုန် ပစ္စည်းများ လက်ကားဈေး ပုံမှန် ရှိသော်လည်း လက်လီ ဈေးနှုန်းများ မြင့်တက် နေသည်ဟု သိရသည်။

မိသားစု စားသောက်ကုန် ပစ္စည်းများ ဖြစ်သည့် ဆန်၊ ဆီ၊ ခရမ်းချဉ်သီး စသည့် ဈေးနှုန်းများ မြင့်တက်နေပြီး ရာသီဥတု အခြေအနေ နှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် အသီးအနှံ စိုက်ပျိုးခင်း အချို့ ပျက်စီးခဲ့ရ၍ ဈေးနှုန်းများ မြင့်တက် လာခဲ့သည်ဟု ကုန်စိမ်း အဝယ်ဒိုင်မှ သိရသည်။

မုံရွာမြို့တွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွား၍ မုံရွာမြို့မှ ကြက်ဥ၊ ဘဲဥ တင်သွင်းမှု ရပ်ဆိုင်း ခဲ့သောကြောင့် ပြင်ဦးလွင်မှ အဓိက တင်သွင်းသော ကြက်ဥ၊ ဘဲဥ ဈေးနှုန်းသည် ပိုမိုမြင့်တက် လာခဲ့သည်ဟု သိရသည်။ ယခင် ကြက်ဥ၊ ဘဲဥ ဈေးနှုန်းတွင် ကြက်ဥ တစ်လုံးလျှင် ငွေကျပ် ၁၂ဝ ရှိရာမှ ယခုအခါ ငွေကျပ် ၁၅ဝ ထိ ဈေးမြင့်တက် လာခဲ့သည်ဟု ကြက်ဥ၊ ဘဲဥ အရောင်းဆိုင် တစ်ဆိုင်မှ သိရသည်။

အာလူးနှင့် ခရမ်းချဉ်သီး ဈေးနှုန်းသည် အာလူး တစ်ပိဿာလျှင် ငွေကျပ် ၈ဝဝ ခန့်နှင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ငွေကျပ် ၁၆ဝဝ (ထိုင်ဝမ်)၊ အင်းသီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။

''ခရမ်းချဉ်သီး ပြန်ဝယ် ရတာကို အသီးရှားလို့ ဆိုပြီး ဈေးတက်နေတယ်။ သေတ္တာလိုက် ဝယ်ရတာ ဆိုတော့ အသီးတွေက နေပူလို့ မှည့်လွန်း တာရယ်၊ လမ်းမှာ လမ်းပိတ်လို့ ရက်ကြာ တာရယ်နဲ့ အသီးပုပ် တာတွေလဲ ပါတော့ ပြန်ရောင်းတဲ့ အခါ ဈေးနည်းနည်း တင်ရတာမျိုး ရှိပါတယ်'' ဟု လက်လီ ခရမ်းချဉ်သီး အရောင်း ဆိုင်ရှင်တစ်ဦး က ပြောပြသည်။

လက်ရှိဈေးနှုန်း မြင့်တက်နေသော ဆန်၊ ဆီ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြက်ဥ၊ ကြက်သွန်ဖြူ စသည် ဈေးနှုန်းများသည် ယခု ဈေးနှုန်းထက် ဆက်လက် ဈေးတက်ရန် မရှိသေးကြောင်း ပွဲရုံ လုပ်ငန်းရှင် တစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment