Pages

Tuesday, April 26, 2016

ရန်ကုန်-မန္တလေး အမြန်လမ်းအသုံးပြုမည့် ယာဉ်များ၏ တာယာများအား အမြန်လမ်းရဲတပ်ဖွဲ့မှ စီမံချက်ဖြင့် စစ်ဆေးမည်



ရန်ကုန် ၊ ၂၆-၄-၂၀၁၆

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၌ ရာသီဥတု ပူပြင်းခြင်းကြောင့် ကွန်ကရစ်လမ်း၏ အပူရှိန်မြင့်တက်ကာ တာယာများမှာ မကြာခဏ ကွဲထွက်၍ ယာဉ်မတော်တဆ မှုများဖြစ်ပေါ်ပြီး သေဆုံးထိခိုက် ဒဏ်ရာရမှုများ ရှိခဲ့ရာ အမြန်လမ်း ရဲတပ်ဖွဲ့က ဧပြီလ နောက်ဆုံးပတ် မှစပြီး လမ်းအသုံးပြုမည့် ယာဉ်များ၏ တာယာကြံ့ခိုင်မှုကို စီမံချက်ဖြင့် စစ်ဆေးပေး သွားမည်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူး သန်းဦး က ပြောသည်။

''အမြန်လမ်းပေါ်မှာ ဖြစ်ပွားတဲ့ ယာဉ် မတော်တဆမှု အများစုက လမ်းအပူရှိန်ကြောင့် တာယာကွဲပြီး ဖြစ်တာကို တွေ့ရတယ်။ ဒါကြောင့် အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆ ဖြစ်ပွားမှုတွေ လျော့ကျသွား စေဖို့ ကားတွေရဲ့ တာယာကြံ့ခိုင်မှု ကို စီမံချက် တစ်ရပ်အနေနဲ့ စစ်ဆေးသွား မှာပါ။ တာယာ ကြံ့ခိုင်မှု မကောင်းတဲ့ကားတွေ အမြန်လမ်းမှာ သွားလာခြင်းကို တားမြစ်သွား မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့ပြင် အမြန်လမ်း ရဲတပ်ဖွဲ့မှ အမြန်လမ်းအား အသုံးပြု၍ သွားလာမည့် ယာဉ်များ အန္တရာယ်ကင်းရှင်း စေရန် ကြံ့ခိုင်မှု မရှိသည့် တာယာများကို အသစ်ပြောင်းလဲ တပ်ဆင်ထားခြင်း ရှိ၊မရှိ၊ ကားတံခါးများ ကောင်း၊ မကောင်း၊ လိုက်ထရပ် နှင့် မီနီထရပ်ကား များ၏ နောက်ဖုံးတံခါး ကောင်း၊ မကောင်းကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အမြန်လမ်းမကြီး ၌ ယာဉ် အန္တရာယ် ကင်းရှင်းစေရေး တာယာကြံ့ခိုင်မှု စစ်ဆေးခြင်းကို ကာလရှည် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ သတ်မှတ်ထားသည့် တာယာကြံ့ခိုင်မှု မရှိသည့်ယာဉ်များ အနေဖြင့် အဆိုပါလမ်းအား အသုံးပြုခွင့် ရရှိမည် မဟုတ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမ၌ သက်တမ်းလွန် တာယာ အသုံးပြုခြင်း၊ တာယာ၌ ပန်းများမရှိခြင်း၊ ယာဉ်မောင်းနေစဉ် ယာဉ်မောင်းများ အိပ်ငိုက်ခြင်း စသည့် အခြေအနေ များကြောင့် ယာဉ်အန္တရာယ် ဖြစ်ပွားမှု များပြားပြီး ကြံ့ခိုင်မှု စစ်ဆေးသည့် နေရာ၌ တာယာများကို စစ်ဆေးသွားမည် ဖြစ်သည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment