Pages

Monday, April 25, 2016

အင်းလေးကန်၌ ကန်ရေခန်းခြောက်မှုကြောင့် ရေလမ်းဖြင့် သွားလာမှု နည်းပါးလာပြီး ကုန်းလမ်းခရီးဖြင့်သာ အဓိကထား သွားလာနေရ



ညောင်ရွှေ ၊ ၂၅-၄-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် အတွင်းရှိ အင်းလေးကန် ၌ ကန်ရေများ ခန်းခြောက်မှု ကြောင့် ရေလမ်းဖြင့် သွားလာမှု နည်းပါးလာပြီး ကန်ပတ်လမ်း (ကုန်းလမ်း) ကြောင်းဖြင့်သာ အဓိကထား သွားလာ နေရကြောင်း ဒေသခံများက ပြောသည်။

ယခုအခါ အင်းလေးကန် အတွင်း ညောင်ရွှေ ဆိပ်ကမ်းမှ အင်းလေး ဖောင်တော်ဦး ဘုရားအထိသာ ရေကြောင်းဖြင့် သွားလာနိုင် သော်လည်း အင်းပတ်လည် ဘေးရှိ အင်း တောင်ပိုင်းရွာ များသို့ ရေလမ်းကြောင်းဖြင့် သွားလာ၍ မရတော့ကြောင်း၊ အင်းလေးကန် ပတ်လည်၌ ဖောက်ထားသည့် လမ်းသည် အင်းလေးကန် တောင်ဘက်ပိုင်းမှ ကယားပြည်နယ် လွိုင်ကော်မြို့ အထိ သွားလာ၍ ရပြီး အင်းလေးကန် အရှေ့ခြမ်းမှ အောင်ပန်းမြို့ အထိ ရောက်ရှိကြောင်း သိရသည်။

အင်းလေးကန် အတွင်း ရေခန်းခြောက် မှုကြောင့် ရေကြောင်းဖြင့် သွားလာမှု ခက်ခဲသည့် အပြင် သောက်သုံးရေ လည်း ရှားပါးလျက် ရှိပြီး ရွာအနီး တောင်ကျစမ်းမှ ရေကို အလှည့်ကျသုံးစွဲ နေရသည်။ ရေခန်းခြောက်မှု လျော့နည်းစေရန် အင်းလေးကန် အတွင်း နုန်းများ တူးဖော်လျက် ရှိပြီး နုန်းတားဆည် (လက်လုပ်ဆည်) များ တည်ဆောက် ထားကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေ မြို့နယ်ရှိ အင်းလေးကန်သည် ပြီးခဲ့သည့် ၁ဝ နှစ်အတွင်း တစ်ကြိမ်ခန့်သာ ရေနည်းခဲ့ပြီး ၁၉၉ဝ ပြည့်နှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ် တို့တွင် စံချိန်တင် ရေနည်းမှုများ ဖြစ်ပေါ် ခဲ့ကာ ယခုနှစ် ရေခန်းခြောက်မှု သည် ယခင်နှစ်များ ကထက် ပိုမိုဆိုးရွားလျက် ရှိကြောင်း ဒေသခံများက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment