Pages

Wednesday, April 27, 2016

တပ်မတော်ရဟတ်ယာဉ် တစ်စင်း လေ့ကျင့်ပျံသန်းစဉ် မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျ


တပ်မတော်ရဟတ်ယာဉ် မုန်တိုင်ဆည် အတွင်း ထိုးဆင်းပျက်ကျသည့် နေရာပြမြေပုံ

ပျက်ကျခဲ့သည့် တပ်မတော်ရဟတ်ယာဉ်၏ အစိတ်အပိုင်းအချို့ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၄-၂၀၁၆

မိတ္ထီလာ တပ်နယ်၊ လေကြောင်း အတတ်သင် လေတပ်စခန်း ဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ် အမှတ်၊ ၆၁၂၅ သည် ယမန်နေ့ နံနက်ပိုင်း လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်စဉ် နံနက် ၈ နာရီ ၂၆ မိနစ်တွင် စက်ချွတ်ယွင်း မှုကြောင့် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့၊ မုန်တိုင်ဆည် အတွင်း ထိုးဆင်းပျက်ကျ ခဲ့သည်။ ယင်း ရဟတ်ယာဉ် အား လေသူရဲ ဗိုလ်မှူး ဝင်းအောင်နှင့် ဗိုလ်မှူး ခွန်ကျော်လှိုင် တို့က မောင်းနှင်၍ မုန်တိုင်ဆည် အတွင်း ကမ်းစပ်မှ ပေ ၅ဝဝ အကွာ ရေပြင်အထက် ပေ ၃ဝဝ ခန့်မှ ရုတ်တရက် စက်ချွတ်ယွင်း ၍ ရေထဲသို့ ထိုးဆင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရဟတ်ယာဉ် ဆည်အတွင်း ပျက်ကျချိန်တွင် အနီးအနားရှိ ဒေသခံများ ဖြစ်သော ဦးမောင်တင်လှိုင်၊ ဦးစန်းမောင်၊ ဦးလွင်နိုင်၊ ဦးမောင်ဝင်းနှင့် မောင်ဇင်မျိုးအောင် တို့က လှေများဖြင့် လေသူရဲ နှစ်ဦးအား ချက်ချင်းဆယ်ယူ နိုင်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွား ရာသို့ မုန်တိုင်ရှိ တပ်မတော် သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး နှင့် အဖွဲ့ဝင်များ ထပ်မံရောက်ရှိ ၍ မျက်နှာတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်မျှသာ ရရှိထားသည့် လေသူရဲနှစ်ဦး ကို ဆေးရုံသို့ ဆက်လက် ပို့ဆောင် ပေးခဲ့သည်။

ယင်း Bell-206 ရဟတ်ယာဉ် သည် ၁၉၇၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် အသုံးမပြု နိုင်တော့သဖြင့် ၂ဝ၁၂ ခုနှစ်တွင် ပြည်ပကုမ္ပဏီ တစ်ခုနှင့် အကြီးစား ပြင်ဆင်မှုများ ပြုလုပ်၍ လေ့ကျင့်ရေး ရဟတ်ယာဉ် အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ပျက်ကျ ရဟတ်ယာဉ် မှာ မုန်တိုင်ဆည် အတွင်း နစ်မြုပ်သွား ခဲ့သဖြင့် ပြန်လည် ဆယ်တင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ရဟတ်ယာဉ်၏ ကိုယ်ထည်ပိုင်းမှာ ရေအောက်၌ နစ်မြုပ်လျက် ရှိပြီး ရေပြင်ပေါ်၌ ကျန်ရှိသော ရဟတ်ယာဉ် အစိတ်အပိုင်း တချို့အား ဆယ်တင် နိုင်ခဲ့ကြောင်း နှင့် ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် အခြေအနေ များအား စုံစမ်းစိစစ်လျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment