Pages

Tuesday, April 26, 2016

ဥရောပသမဂ္ဂကနေ ဗြိတိန်ဘာကြောင့် ထွက်ချင်နေရတာလဲ



( ရှိန်းထက် )

ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အကြီးမားဆုံး ကုန်သွယ်ဖက် အဖွဲ့အစည်း ဥရောပ သမဂ္ဂအီးယူမှ ဗြိတိန်ခွဲထွက်ရေး အတွက် ဇွန် ၂၃ ရက်တွင် အီးယူ အဖွဲ့ဝင် ၂၈ နိုင်ငံအကြား ဆန္ဒခံယူပွဲ ကျင်းပကြမည် ဖြစ်သည်။ ခွဲထွက်ရေး အတွက် စိတ်အားထက်သန် နေကြသော ကွန်ဆာဗေးတစ် များသည် အီးယူမှ ခွဲထွက်နိုင်ရေး အတွက် မဲဆွယ် တရားများ မမောနိုင် မပန်းနိုင် ဟောနေ ကြသည်။

ဗြိတိန်သည် စီးပွားရေးအရ အီးယူနှင့် ပူးပေါင်း နေရခြင်းကြောင့် နစ်နာသည်ဟု ၄င်းတို့က မှတ်ယူနေသည်။ အီးယူအဖွဲ့ဝင် ၂၈ နိုင်ငံ၌ အင်အား အကြီးဆုံး သုံးနိုင်ငံမှာ ဂျာမနီ၊ ပြင်သစ် နှင့် ဗြိတိန်တို့ ဖြစ်သည်။ အီးယူ၏ မြို့တော်ကိုလည်း ပဲရစ်နှင့် လန်ဒန်အဖြစ် သတ်မှတ် ထားသည်။ ထို့ကြောင့် အီးယူအတွက် ဗြိတိန်သည် အဓိကကျသည့် အဖွဲ့ဝင်နိုင်ငံ ဖြစ်နေသကဲ့သို့ အီးယူ စီးပွားရေး ကိုလည်း အကောင်းမွန်ဆုံး လည်ပတ်နိုင် စေရန် မောင်းနှင်ပေး နိုင်သူ အဖြစ်လည်း အရေးပါ နေသည်။

ယခုဗြိတိန်သည် အီးယူမှ ထွက်ခွာရန် ဆန္ဒပြင်းပြ နေသည်။ အီးယူသည် စည်းမျဉ်း စည်းကမ်း များပြားလွန်း လှသည်။ အီးယူကြောင့် သူတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ဆုံးရှုံးရသည်။ အလကား ဖြစ်ရသည်။ စီးပွားရေးအရ တွက်ခြေမကိုက် ဖြစ်ခဲ့ရသည်။ ထို့ပြင် အီးယူ၏ လုပ်သား ထိန်းချုပ်ရေး မူဝါဒသည် ဗြိတိန်ကို ထိခိုက်သည် စသည်ဖြင့် ခွဲထွက်လိုသူ များသည် အီးယူကို အပြစ်တင် ကြသည်။

သို့သော်လည်း ပညာတတ် အသိုင်းအဝိုင်း သည် အီးယူမှ ခွဲထွက်ရေး အဆိုကို လုံးဝကန့်ကွက် ကြသည်။ အကယ်၍ အီးယူမှ ခွဲထွက်သွားလျှင် ယခင်အီးယူ၌ ရှိစဉ် သဘောတူ ထားခဲ့သော ကုန်သွယ်မှု သဘောတူ စာချုပ်များကို ဖျက်သိမ်းပစ် ရမည်။ ဗြိတိန်၏ စီးပွားရေးကို အစကနေ ပြန်စရမည်။ ထို့ကြောင့် အီးယူ၌ ဆက်နေ လိုသည်။ အမေရိကန် သမ္မတ အိုဘားမား ဧပြီ ၂၃ ရက်က ဗြိတိန်သို့ ရောက်စဉ် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှင့် မိန့်ခွန်းပြောရာတွင် ဗြိတိန်ကို အီးယူမှ ခွဲမထွက်ရန် တိုက်တွန်း ခဲ့သည်။

အကယ်၍ ခွဲထွက်ခဲ့ပါက အမေရိကန် နှင့် ကုန်သွယ်ရေး သဘောတူညီမှု ရရန် အလှည့်ကျနှင့် တန်းစီစောင့်ဆိုင်း ရဦးမည် ဖြစ်ကြောင်း သတိပေး ခဲ့သည်။ ယခင်က ဗြိတိန်နှင့် အမေရိကန် ရရှိထားခဲ့သော သဘောတူညီမှု များသည် အီးယူ အဖွဲ့ဝင် အဖြစ်သာ သက်ဆိုင်သည်။ ဗြိတိန်အဖြစ် နှင့် ရရှိခဲ့ခြင်း မဟုတ်သည့် အတွက် အီးယူ မူဝါဒအရ ဗြိတိန်ခွဲထွက် ခဲ့ပါက အမေရိကန်နှင့် ကုန်သွယ်နိုင်ရန် အချိန် အတော်ကြာ စောင့်ဆိုင်း ရဦးမည် ဖြစ်သည်။

ဗြိတိန်၌ ကွန်ဆာဗေးတစ် များနှင့် အသက် ၃ဝ အထက် ပြည်သူများက အီးယူမှ ခွဲထွက်ချင် နေသည်။ တက္ကသိုလ်မှ ဘွဲ့ရပညာတတ် အသိုင်းအဝိုင်းနှင့် အလုပ်သမား ပါတီကတော့ ဆက်နေချင်သည်။ ခွဲထွက်ချင် သူများက နော်ဝေ၊ အိုက်စလန် နှင့် ဆွစ်ဇာလန် တို့ကို ဥပမာပေးသည်။ ထိုနိုင်ငံများသည် အီးယူနှင့် လွတ်လပ်သော အခွန် ကင်းလွတ်ခွင့် ကုန်သွယ်မှု သဘောတူ စာချုပ် များရှိသည်။ ထို့ပြင် သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက် အတိုင်း ကြိုက်သည့် နိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုခွင့် ရှိသည်။ သို့သော်လည်း အကယ်၍ နိုင်ငံတစ် နိုင်ငံသည် အီးယူအဖွဲ့ဝင် ဖြစ်ပါက သူ့သဘော အတိုင်း ကြိုက်သည့် နိုင်ငံနှင့် ကုန်သွယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်မည် မဟုတ်။ ကုန်သွယ်ရေး သဘောတူ စာချုပ် မှန်သမျှကို အီးယူကသာ ထိန်းချုပ် ထားသည်။ အီးယူ၏ သဘောအတိုင်း လုပ်ဆောင် ရသည်။ ထို့ပြင် အီးယူက ချမှတ်ထားသော မူဝါဒများကို အဖွဲ့ဝင် ၂၈ နိုင်ငံစလုံးက သူတို့နိုင်ငံ၏ ဥပဒေများ ထဲတွင် သူတို့ ဘာသာစကား နှင့် ပြဋ္ဌာန်းပေး ရသည်။ အကယ်၍ မပြဋ္ဌာန်း ထားသော နိုင်ငံသည် အီးယူ၏ ဒဏ်ခတ် အရေးယူခြင်း ကို ခံရမည် ဖြစ်သည်။

ထို့ကြောင့် ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ဆုံးရှုံးနေသည် ဟု ခွဲထွက်လို သူများက ပြောသည်။ ပိုဆိုး သွားသည်က ဥရောပသို့ ပစ်မှတ်ထား လာခဲ့သော အရှေ့ အလယ်ပိုင်း နှင့် အာဖရိကမှ ရွှေ့ပြောင်း ဒုက္ခသည် များပင် ဖြစ်သည်။ အထူးသဖြင့် အရှေ့ အလယ်ပိုင်း စစ်မီးကြောင့် ဥရောပသို့ လူဦးရေ သန်းနှင့်ချီ၍ ရောက်ရှိ လာခဲ့သည်။ ထိုအခါ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသည် အီးယူ၏ သဘောအတိုင်း ခွဲတမ်းချ၍ ဒုက္ခသည် များကို ဝေယူကြသည်။ ထို့ကြောင့် ယင်း ဒုက္ခသည် များကို နေစရာ၊ စားစရာနှင့် အလုပ်အကိုင် ပေးရသည်။ ယခုလည်း ဥရောပ၏ နယ်စပ်မျဉ်း များ၌ သောင်တင် နေသော ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက် သန်းနှင့်ချီ၍ ရှိနေသည်။



ဥရောပသည် ရွှေ့ပြောင်း ဒုက္ခသည် များကြောင့် ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေသည်။ တစ်ဖန် ထိုသူတို့ကြောင့် လုပ်သား ဖောင်းပွမှုများ ဖြစ်ပေါ်ပြီး ပြည်တွင်း အလုပ်သမား ဈေးကွက်ကို ရိုက်ခတ် လာခဲ့သည်။ အကယ်၍သာ အီးယူအဖွဲ့ဝင် တစ်နိုင်ငံသာ မဟုတ်ခဲ့ ပါက ဗြိတိန်သည် ၂ဝ၁၅ ခုနှစ်တွင် အီးယူက ခွဲပေးသော ဒုက္ခသည် ခွဲတမ်းကိုလည်း လက်ခံရမည် မဟုတ်ဘဲ ထို ပြဿနာတွင် ဘေးထိုင်နေ၍ ရသည်။ ယခုတော့ အီးယူ အဖွဲ့ဝင် ဖြစ်နေ သောကြောင့် ထိုဒုက္ခနှင့် ပြဿနာများကို ဗြိတိန်ပါ ရင်စည်းပြီး ခံနေရသည်။ ထို့ပြင် အရှေ့ အလယ်ပိုင်းမှ ထို ဒုက္ခသည်များ နှင့် ရောပါလာသော အကြမ်းဖက် သမားများ ကိုလည်း ကြောက်ရွံ့ နေရသည် စသည်ဖြင့် ခွဲထွက် လိုသူများအတွက် ဒုက္ခသည် ပြဿနာသည် အခွင့်ကောင်း တစ်ခုဖြစ်သွား ခဲ့ပြန်သည်။ အီးယူသည် အမေရိကန်နှင့် တရုတ်တို့၏ အကြီးမားဆုံး ကုန်သွယ်ဖက် အဖွဲ့အစည်း ဖြစ်သည်။ လူဦးရေ ၅ဝ၈ သန်းကျော် ရှိပြီး ကမ္ဘာ့ စီးပွားရေး ၏ ၇ ရာခိုင်နှုန်းကျော် ကို ပိုင်ဆိုင် ထားသည်။

ထို့ပြင် အီးယူ၏ GDP သည် ၁၆ ဒသမ ၂၂ဝ ထရီလီယံ အထိရှိသည်။ ထို့ကြောင့် နိုင်ငံအများစု သည် အီးယူ စီးပွားရေး အသိုက်အမြုံကို သဘောကျ ကြသည်။ အီးယူ အသိုက်အမြုံ ထဲသို့ ဝင်ချင်ကြသည်။ ယခု အီးယူထဲသို့ ဝင်နိုင်ရန် ဆွေးနွေး နေသည့် နိုင်ငံရှစ်နိုင်ငံ ရှိသည်။ ထိုအထဲမှ ကိုဆိုဗို၊ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား တို့သည် အီးယူထဲသို့ ဝင်နိုင်ရန် နီးစပ်နေပြီ ဖြစ်သည်။ နိုင်ငံအများစုက ဝင်နိုင်ရန် ကြိုးစား နေချိန်တွင် ဗြိတိန်ကတော့ ခွဲထွက်နိုင်ရန် ကြိုးစားနေသည်။ ဗြိတိန် ခွဲထွက်လိုသည့် နောက်တစ်ချက် မှာ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ရိုက်ခတ်ခံ ခဲ့ရသည့် အထိနာဆုံး အဖွဲ့အစည်း ထဲတွင် အီးယူသည် ထိပ်ဆုံးက ပါဝင်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည် နာလန်မထူ နိုင်သေးသော အီးယူ စီးပွားရေးကြောင့် ဖြစ်သည်။ ခွဲထွက်လိုသူ များက အီးယူ၏ လောင်းရိပ်အောက် ရောက်နေ သောကြောင့် ဗြိတိန်၏ စီးပွားရေးလည်း တိုးတက်သင့် သလောက် မတိုးတက် ဖြစ်နေ ရသည်ဟု ဆိုသည်။

၂ဝ၁၅ ခုနှစ်က ဗြိတိန်၏ စီးပွားရေး တိုးတက်မှု နှုန်းမှာ သုည ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ အီးယူမှ ခွဲထွက်ခဲ့ပါက ဗြိတိန် စီးပွားရေး လျင်မြန်စွာ တိုးတက်လာမည် ဟု ခွဲထွက်လို သူများက ယုံကြည်နေ ကြသည်။ နိုင်ငံရေး သုတေသီ များနှင့် စီးပွားရေး ပညာရှင်များ ကတော့ ဗြိတိန် ခွဲထွက်ခဲ့ပါက ထင်မှတ် ထားသည့် စီးပွားရေး တိုးတက်မှုနှုန်း ဆိုသည်ထက် အကျဘက်သို့ ဦးတည်သွားရန် ရာခိုင်နှုန်း ပိုများ နေသည်ဟု ပြောသည်။ ကုန်သွယ်ရေး ဈေးကွက်သစ် များအတွက် ဗြိတိန်က သူတို့ စီးပွားရေးကို အစကနေ ပြန်လည်စတင် ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဗြိတိန် အီးယူမှ ခွဲထွက်နိုင်မည်၊ မထွက်နိုင် မည်ကို ဇွန် ၂၃ ရက် အီးယူ အဖွဲ့ဝင်များ ဆန္ဒခံယူပွဲ အပြီးတွင် သိရှိ ရတော့မည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment