Pages

Thursday, March 3, 2016

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ပြင်ပမှ ၀င်ရောက်ဖြေဆိုရန် စာရင်းပေးသူ ၂၆၀၀၀၀ ကျော်ရှိ



ရန်ကုန် ၊ ၃-၃-၂၀၁၆

ယခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုရန် စာရင်းပေးသူ ဦးရေ ၆၇ဝဝဝဝ ကျော်အနက် ပြင်ပမှဝင်ရောက် ဖြေဆိုရန် စာရင်းပေးသူ ၂၆ဝဝဝဝ ကျော်ရှိရာ စာရင်း ပေးသွင်းသူ များတွင် ရန်ကုန်တိုင်း ဒေသကြီးမှ အများဆုံး ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန က သိရသည်။

ပြင်ပမှဝင်ရောက် ဖြေဆိုရန် စာရင်းပေးသွင်း ရာတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ၄၄၁၃၅ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၃၉၁၄၂ ဦးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှ ၃၇၄၂၂ ဦးစာရင်းပေး ထားကြောင်း သိရသည်။

ပြင်ပမှ ဝင်ရောက်ဖြေဆိုမည့် သူများအနေဖြင့် ဝင်ခွင့်ကတ်ပြား များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူး ထံတွင် စာမေးပွဲရက် မတိုင်မီအထိ ထုတ်ယူ နိုင်ပြီဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ် ၉ ရက်တွင် စတင် စစ်ဆေးမည်ဖြစ်ရာ မတ် ၁၈ ရက်တွင် ဘာသာတွဲအားလုံး ဖြေဆိုပြီးစီးမည် ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် နိုင်ငံခြားစာစစ် ဌာနများ အပါအဝင် စာစစ်ဌာနပေါင်း ၁၄၇ဝ ဖြင့် စစ်ဆေးမည် ဖြစ်ပြီး ဝင်ရောက် ဖြေဆိုရန် စာရင်းပေးသူ ၆၇ဝဝဝဝ ကျော် ရှိကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ၅၉၇၉၄၆ ဦး ရှိခဲ့ပြီး ၂၂၄၈၃၇ ဦး အောင်မြင်ခဲ့ကာ အောင်ချက် ရာခိုင်နှုန်း ၃၇ ဒသမ ၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန် ခဲ့သော စာရင်းများအရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment