Pages

Wednesday, March 30, 2016

ကသာခရိုင်အတွင်း ရှေးဟောင်း အမွေအနှစ်များနှင့် မြန်မာ့လက်မှု လုပ်ငန်းများကြောင့် နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု များပြားလာ



ကသာ ၊ ၃၀-၃-၂၀၁၆

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အတွင်းမှ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များနှင့် မြန်မာ့လက်မှု လုပ်ငန်းများကြောင့် နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှု များပြား လာကြောင်း သိရသည်။

ကသာခရိုင်၌ အင်္ဂလိပ်ခေတ် လက်ကျန် ရှေးဟောင်း အဆောက်အအုံများ အပြင် စာရေးဆရာကြီး ဂျော့အိုဝဲလ် နေထိုင်ခဲ့သည့် နေအိမ်၊ အင်္ဂလိပ်ခေတ် တင်းနစ် ကစားကွင်း၊ သစ်တောရုံး၊ ကသာမြို့ တောင်ဘက်နှင့် မြို့နှင့် ၁ဝ မိုင်ခန့်အကွာရှိ နတ်ပေါက် ၁ဝ မိုင် ဆင်စခန်းများ အပြင် ဗန်းမောက်မြို့နယ် ဇလုံတောင် ဒေသ၊ အင်းတော်ကြီး မန်လည်ကျောင်း၊ အင်းတော်လေးကန်၊ အင်းတော်မြို့နယ် မော်လူးကျေးရွာ ရှိ ကြိမ်၊ ဝါး၊ သစ်သား လုပ်ငန်းများ၊ မော်လူးမြို့ အနီးရှိ ဒုတိယ ကမ္ဘာစစ် အတွင်းက ဖြစ်ပွားခဲ့သည့် ဝင်းဂိတ် တိုက်ပွဲ နေရာတို့မှာ သိရှိသူ များပြားလာ သဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များက စိတ်ဝင်စားမှု ပိုမိုများပြား လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ကသာမြို့သို့ ရေကြောင်းလမ်း အပြင် ကားလမ်း၊ ရထားလမ်း တို့မှလည်း အလွယ်တကူ သွားရောက် လည်ပတ်နိုင်ပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များမှာ ကသာ မြို့တွင်းသို့ မြင်းလှည်းနှင့် အနှေးယာဉ် တို့စီးကာ လှည့်လည်ကြည့်ရှု လေ့လာကြသည်။

ယခုအခါ နိုင်ငံခြား ခရီးသွား ဧည့်သည်များ တည်းခိုနိုင်သည့် ဟိုတယ်များ ကိုပါ တိုးချဲ့ တည်ဆောက် ခဲ့သည့်အတွက် နိုင်ငံခြား ခရီးသွား ဧည့်သည်များပြား လာခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ငါးနှစ်ခန့်က ကသာမြို့သို့ ဧရာဝတီ မြစ်ကြောင်း အတိုင်းသာ လာရောက် လေ့လာကြည့်ရှု ခဲ့သော်လည်း ယခုအခါ ကသာမြို့တွင်း သာမက ကသာခရိုင် အတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ၊ လက်မှု လုပ်ငန်းများ ရှိရာသို့ လာရောက် လည်ပတ်မှုများ ရှိလာကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment