Pages

Wednesday, March 16, 2016

ကမ္ဘာ့ရေနံဈေး ပြန်လည်မြင့်တက် လာသဖြင့် အသက်ရှူချောင်လာသည့် ရေနံလုပ်ငန်းရှင်ကြီးများ



( ရှိန်းထက် )

၂၀၁၄ ခုနှစ်နောက်ပိုင်း မှစတင်၍ ကမ္ဘာ့ရေနံဈေးနှုန်း တရိပ်ရိပ် ကျဆင်းသွား ခဲ့ပြီး ၂ဝ၁၅ ခုနှစ်သို့ ရောက်ရှိခဲ့ သည့်တိုင် ရပ်တန့်မသွားဘဲ ကမ္ဘာ့ ရေနံ ဈေးနှုန်းများ မကြုံဖူးအောင် စံချိန်တင် ကျဆင်းသွား ခဲ့သည်။

၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၂၈ ဒေါ်လာအထိ ထိုးကျသွားခဲ့ရာ ကမ္ဘာ့ ရေနံ လုပ်ငန်းရှင်ကြီးများ၊ ကော်ပိုရေးရှင်း ကြီးများ နှင့် ရေနံကုမ္ပဏီ ကြီးများ အရှုံးပေါ်ခဲ့ပြီး လုပ်ငန်းခွင်မှ အလုပ်သမားများ အလုပ်ဖြုတ်ခံ ခဲ့ရသည်။ ထို့ကြောင့် လူပေါင်း ထောင်နှင့် ချီ၍ အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ ထို အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားရင်း ကပင် တဖြည်းဖြည်း ဆိုးရွား လာခဲ့ရသည်။ ရေနံ ဈေးကွက်ကို အမေရိကန်၊ ရုရှား နှင့် ဆော်ဒီ အာရေဗျ တို့ လက်မြှောက်ခဲ့ ရသည်။

ယခုတော့ ရေနံဈေးကွက် ပြန်လည်ဦး မော့ လာခဲ့ပြီဖြစ်သည်။ မတ် ၈ ရက်မှ စတင်၍ ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁၇ ဒေါ်လာမှ အမေရိကန် ဒေါ်လာ ၃ဝ ကျော်၊ ထိုမှတစ်ဆင့် အမေရိကန် ဒေါ်လာ ၄ဝ ကျော် သည်အထိ ပြန်တက် လာခဲ့သည်။ ရေနံလုပ်ငန်းရှင် ကြီးများအတွက် မျှော်လင့်ချက် ရောင်ခြည်များလည်း ပြန်လည် တောက်ပ လာခဲ့ရသည်။ သို့သော်လည်း တည်ငြိမ်မှု မရှိသေးသည့် ရေနံဈေးကွက်ကြောင့် ဈေးနှုန်း ပြန်ကျ သွားနိုင်သည့် စိုးရိမ်ဖွယ် အခြေအနေ ကလည်း ရှိနေသေးသည်။

ဒေါ်လာဘီလီယံ နှင့်ချီ၍ ရင်းနှီးမြှုပ်နှံ ထားသည့် အမေရိကန်၏ Shale ဟု ခေါ်သော သဘာဝဓာတ်ငွေ့နှင့် တခြား အသုံးအဆောင် များ ထုတ်လုပ်၍ ရသည့် ရွှံ့၊ ကျောက်၊ သတ္တု လုပ်ငန်းများလည်း ရေနံဈေးနှင့်အတူ ကျဆင်း ခဲ့သောကြောင့် ယခုအတက်ဘက် ဦးတည်နေသော ရေနံဈေးကွက် ဘက်သို့ လုပ်ငန်းများ ၀င်ရောက် လာခဲ့ပါက ကမ္ဘာ့ရေနံ ဈေးကွက် ပြန်လည်ကျဆင်း ဦးမည်ဖြစ်သည်။

ရုရှားနှင့် ဆော်ဒီအာရေဗျ အစိုးရတို့သည် ယခုလ အစောပိုင်းတွင် မော်စကို၌ ရေနံထုတ်လုပ်မှု ထိန်းချုပ်ရေး ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ သို့သော်လည်း ယခု အချိန်ထိ ခိုင်မာသည့် သဘော တူညီမှုများ ရရှိရန် အဖြေရှာမရ သေးဘဲ သောင်တင် နေဆဲဖြစ်သည်။

ထို့ပြင် အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့မှုများမှ လွတ်မြောက် လာသော အီရန်၏ ရေနံများကလည်း ကမ္ဘာ့ဈေးကွက်ထဲ ဝင်ရောက် လာနိုင်သေးသည်။ အီရန်၏ သန်းနှင့်ချီသော ရေနံစည်များ ကမ္ဘာ့ဈေးကွက်ထဲ ဝင်ရောက်လာခဲ့ ပါက အတက်ဘက် ဦးတည်နေသော ကမ္ဘာ့ရေနံ ဈေးကွက် ပြန်ကျဦးမည် ဖြစ်သည်။ ထို့ကြောင့် အီရန်၏ ရေနံတင်ပို့ မှုကို ရုရှားနှင့် ဆော်ဒီတို့ ကဲ့သို့ ထိန်းချုပ်ပေးရန် လိုသည်။

ရုရှားနှင့် ဆော်ဒီတို့က ပိုလျှံနေသည့် ရေနံများ ထုတ်လုပ်၍ သာမက ကမ္ဘာ့ ရေနံများ ဈေးကွက် ဝယ်လိုအား ထက် ပိုလျှံနေပြီး စံချိန်တင် ဈေးနှုန်းများ အထိ ကျဆင်းသွား ရသည့် အဓိက အကြောင်းရင်း နောက်တစ်ခုမှာ တရုတ်၏ ကျဆင်းသွား ရသည့် စီးပွားရေးကြောင့် ဖြစ်သည်။ ထို့အတူ အိန္ဒိယ ၏ အရန်ရေနံများ ဝယ်ယူ သိုလှောင်ထားမှု များကြောင့်လည်း တစ်စိတ် တစ်ဒေသ သက်ဆိုင် နေပြန်သည်။ တရုတ် စီးပွားရေး ကျဆင်း သွားသောအခါ တရုတ်ကဲ့သို့ ရေနံ ဖောဖောသီသီ ဖြုန်းနိုင်သည့် နိုင်ငံ ကမ္ဘာတွင်မရှိ ဖြစ်သွား ခဲ့သည်။

ထိုအချိန် အိန္ဒိယ ကလည်း အရန်ရေနံများကို သိုလှောင်ထားပြီး ရုပ်ကြွင်း လောင်စာများ သုံးစွဲမှုကို လျှော့ချမည့် မူဝါဒများ နှင့်လည်း တိုက်ဆိုင် နေသောကြောင့် ရေနံဈေးကွက် ကျဆင်းသွားခဲ့ ရခြင်းဖြစ်သည်။ နိုင်ဂျီးရီးယား၊ ရုရှားနှင့် ဆော်ဒီအစိုးရ တို့က ရေနံထုတ်လုပ် မှုကို လျှော့ချလိုက်ပြီး တရုတ်၏ ဈေးကွက် ဝယ်လိုအား ကလည်း မြင့်တက် လာသောကြောင့် ကမ္ဘာ့ရေနံ ဈေးကွက် အနည်းငယ် ပြန်လည်မြင့်တက် လာခြင်း ဖြစ်သည်။

သို့သော်လည်း တိကျသည့် ဈေးကွက် ထိန်းချုပ်မှု မရှိလျှင် တက်နေသည့် ရေနံဈေးကွက် ချက်ချင်းပြန်လည် ကျဆင်းသွား ဦးမည်ဖြစ်သည်။ ယနေ့ အချိန်ထိ အပိုရေနံများ ကမ္ဘာ့ဈေးကွက် တွင် အလျှံပယ် ကျန်ရှိနေသေး သောကြောင့် ဖြစ်သည်။ ကမ္ဘာ့ ရေနံ ဈေးကွက်၌ ရေနံတစ်စည် လျှင် အမေရိကန် ဒေါ်လာ ၄ဝ နှင့်အထက် ပြန်တက်လာ သော်လည်း သြစတြေးလျ နှင့် အာရှဈေးကွက် တချို့တွင် ယခုအချိန်ထိ အမေရိကန် ဒေါ်လာ ၄ဝ အောက် ရောက်နေသည်။ သြစတြေးလျ တွင် ရေနံဈေးကွက် ပြန်လည် နာလန်ထူနိုင်ခြင်း မရှိဘဲ ၄င်းနှင့် ကုန်သွယ်ဖက် ဘရာဇီးစွမ်းအင် ကုမ္ပဏီများပါ ရှယ်ယာများ ထိုးကျပြီး အရှုံးပေါ် နေသည်။

ကမ္ဘာ့ ရေနံဈေးကွက် ပြန်တက်လာသည် ဆိုသော်လည်း ၂ဝ၁၄ ခုနှစ် နှစ်လယ်ပိုင်း နှင့် နှိုင်းယှဉ်လျှင် ၇ဝ ရာခိုင်နှုန်း နိမ့်ကျနေပြီး ၂ဝ၁၄ ခုနှစ် ဇွန်လက ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝ ကျော်အထိ ရှိခဲ့သည်။ ပုံမှန်အခြေအနေ ပြန်ရောက်ရန် ၂ဝ၁၆ ခုနှစ် ဈေးကွက် အခြေအနေ နှင့်၂ဝ၁၇ ခုနှစ် ဈေးကွက် အခြေအနေကို စောင့်ကြည့် ရဦးမည် ဖြစ်သည်။

သို့သော်လည်း နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (IEA) က ကမ္ဘာ့ရေနံ ဈေးကွက် အတက်ဘက်ကိုသာ ဦးတည်သွား နိုင်ကြောင်း မတ် ၁၁ ရက်က ထုတ်ပြန်ချက် တွင် ရေးသား ထားသည်။ ထို့အတူ ယခုသတ္တု ဈေးနှုန်းများလည်း ရေနံဈေးနှုန်းနှင့် အတူ ၂ဝ ရာခိုင်နှုန်း ကျော်အထိ လိုက်ပါ တိုးတက် လာခဲ့သည်။

ထို့ကြောင့် ရေနံကုမ္ပဏီ ကြီးများနှင့် အတူ သတ္တုတွင်း ကုမ္ပဏီကြီးများ တစ်ဖန် ပြန်လည် အသက်ရှူချောင် လာလျက် ရှိသည်။ သို့မဟုတ် ပါက နှေးကွေးနေသည့် ကမ္ဘာ့ စီးပွားရေးသည် ပိုမိုနှေးကွေး သွားနိုင်ပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment