Pages

Wednesday, March 9, 2016

ဧရာဝတီမြစ်ရှိ ပျက်စီးသွားသော ရေလမ်းပြအမှတ်အသား များကို ရေလမ်းကြောင်း ငါးခုတွင် ပြန်လည်ဆောင်ရွက်



မန္တလေး ၊ ၉-၃-၂၀၁၆

ဧရာဝတီမြစ်ရေ ပြန်လည် ကျဆင်းချိန်တွင် ပျက်စီးသွားသော ရေလမ်းပြ အမှတ်အသားများ အတွက် ရေလမ်းကြောင်း ငါးခုတွင် ရေလမ်းကြောင်းပြ အမှတ်အသား များကို အသစ်ပြန်လည် ချထား ဆောင်ရွက်ပေးလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒေသ(၅)ရုံးမှ သိရသည်။

ဖေဖော်ဝါရီလ အတွင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် အထက်ပိုင်း ဒေသများတွင် ငါးရက်ခန့် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် မန္တလေး ဧရာဝတီမြစ်ရေ မှာ ဖေဖော်ဝါရီ ၂၈ ရက်က ယခင် မြစ်ရေထက် ခုနစ်ပေခန့်ထိ မြင့်တက်ခဲ့ပြီး ယနေ့ ဧရာဝတီမြစ်ရေ တိုင်းတာချက် များအရ ခြောက်ပေခန့်ထိ လျော့ကျသွားပြီ ဖြစ်ကြောင်း ၊ ထိုသို့ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး ပြန်လည် ကျဆင်း သွားချိန်တွင် ယခင် ထားရှိပြီးသော ရေပေါ်ပြ၊ ကမ်းပေါ်ပြ အမှတ်အသား များမှာ ပျက်စီးမှုများ၊ မြစ်ရေနှင့်အတူ မျောပါသွားမှု များကြောင့် အသစ်ပြန်လည် ထားရှိမှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ ရေလမ်းနယ်မြေ ငါးခုဖြစ်သည့် ကသာ-ဗန်းမော်၊ ကသာ-မလယ်၊ ကျောက်မြောင်း- မန္တလေး၊ မန္တလေး-မြင်းမူ၊ မြင်းမူ-စဥ့်ကူး ရေလမ်းနယ်မြေ တို့တွင် ရေပေါ်ပြ အမှတ်အသား ၃၅ဝ၊ ကမ်းပေါ်ပြ အမှတ်အသား ၉၅ခုတို့ကို ထားရှိ ဆောင်ရွက်ပေးလျက် ရှိသည်။

ယခုလအတွင်း ရေလမ်းနယ်မြေ ငါးခုတွင် ရေပေါ်ပြ အမှတ်အသားများ၊ ကမ်းပေါ်ပြ အမှတ်အသား များကို ဆက်တိုက်ထားရှိ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး အခြား လိုအပ်သည့် ရေလမ်းနယ်မြေ များတွင်လည်း ထားရှိ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment